နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆပ်ကော်မတီအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စက်တင်ဘာလ   ၁၀  ရက်
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများလျာထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆပ်ကော်မတီတစ်ခုချင်းအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက်  နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းဆပ်ကော်မတီများအနက် ပထမဦးစွာ လမ်း၊ တံတား နှင့် အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းတစ်ခုချင်းစီအလိုက် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခြင်းအား  စက်တင်ဘာလ  ၉ ရက်နေ့မှ  ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။
    အစည်းအဝေးသို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လမ်း၊တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်းဆပ်ကော်မတီဝင်များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားရှိသည့် တာဝန်ရှိသူများ၊ ပြည်နယ်/ တိုင်းဒေသကြီး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများက Zoom Application Online System ဖြင့် တက်ရောက်ခဲ့ကြပါသည်။
    ရှေးဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က လုပ်ငန်းကော်မတီ၏ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းတစ်ခုချင်းစီ အလိုက် အသေးစိတ်ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် ယနေ့ အစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုလို အသေးစိတ်ဆွေးနွေးခြင်းဖြင့် လျာထားစီမံကိန်းလုပ်ငန်းများ စနစ်တကျ စိစစ်ဆောင်ရွက်နိုင်ခြင်း၊ အမှန်တကယ်လိုအပ်ချက်ရှိသည့် နယ်စပ်ဒေသများအတွက် အကျိုးဖြစ်ထွန်းမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်း၊ နယ်မြေအခြေအနေအပေါ်မူတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆောင်ရွက်ပေးသင့်သည့် ဒေသများတွင် ဦးစားပေးလျာထားလုပ်ဆောင်နိုင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများအနေဖြင့် စီမံကိန်းများ လျာထားဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွင့်ပြုမှုအပေါ် အခြေခံပြီး လျာထားဆောင်ရွက်သွားကြရန်၊ မိမိတို့၏ လျာထားလုပ်ငန်းစီမံကိန်းများကို လုံခြုံရေးအခြေအနေအရ ဖြစ်နိုင်ခြေရှိ/မရှိ သုံးသပ်၍ လျာထားဆောင်ရွက်သွားကြရန်နှင့် ယခင်လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ဆုံးဖြတ်ချက်များကို အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့် အကောင်အထည်ဖော်ခြင်းများတွင် ထိရောက်သော ငွေကြေးသုံးစွဲမှု ဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အရည်အသွေးပြည့်ဝစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊  ယနေ့တွင် လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည့်အတွက် လုပ်ငန်းဆပ်ကော်မတီ အဖွဲ့ဝင်များနှင့် ပြည်နယ်/တိုင်းဒေသကြီး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌများအနေဖြင့် လျာထားစီမံကိန်း လုပ်ငန်းတစ်ခုချင်းစီအလိုက် Power Point ၊ UTM မြေပုံများဖြင့် ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြဆွေးနွေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
    ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်း ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်းဆပ်ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်နယ်/ တိုင်းဒေသကြီး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်း လျာထားဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့မှုအပေါ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

video-upload