နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည်ပြီးစီး

လွိုင်လင် ဒေသဖွံ့ဖြိုးရေး
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးထံမှ သိရသည်။
    ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၈၅၇ ဒသမ ၁၅၈ သန်းဖြင့် ကျောက်လမ်း ၇/၆ မိုင်၊ ကတ္တရာလမ်း ပေ ၂၂၀၀၊ ကွန်ကရစ်တံတားတစ်စင်း Box Culvert ခုနစ်စင်း၊ စိုက်ပျိုး‌ရေရရှိရေး လုပ်ငန်းလေးခု၊ မီးလင်း‌ရေးလုပ်ငန်းနှစ်ခု၊ သာသနာ‌ရေးလုပ်ငန်းတစ်ခု၊ ဦးစီးဌာနလုပ်ငန်း သုံးခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများအတွက် လမ်းတံတားလုပ်ငန်း၊ ပညာရေး လုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။