ကျောက်ဖြူ အောက်တိုဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျောက်ဖြူမြို့နယ်အတွင်း မြေသားလမ်း (၂/၀)မိုင်၊ ဒီရေတော မြေဖို့ခြင်းလုပ်ငန်း(၀/၆)မိုင်၊ ကျောက်ချောလမ်း(၄/၁)မိုင်၊ ၂၅ ပေ ကွန်ကရစ်တံတား တစ်စင်း၊ ရေထုတ်ပြွန် တံတားရှစ်စင်း၊ ပိုက်ပြွန်တံတားလေးစင်းနှင့် ဦးစီးဌာနတည်ဆောက်ရေးလုပ်ငန်း နှစ်ခုတို့ အား ခွင့်ပြုငွေကျပ် ၁၀၅၉ ဒသမ ၆၇၈ သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရာနှုန်းပြည့်ပြီးစီး
အဆိုပါ လုပ်ငန်းများအနက် ဆင်ဘုတ်ကျေးရွာအုပ်စု လူချေတောင်ရင်း ကျွန်းချောင် စပါးထားလမ်းနှင့် မော်ကြီး-ကြောင်တင်-မအူတော-ဝါးတော-လိပ်ပြင်ဒွန်-ငစိမ့်ပြင်-မော်ကြီး ကျွန်းပတ်လမ်းတို့ကို ဆက်သွယ်ပေးမည့် ဒီရေတော(၀/၆)မိုင်အား ရှစ်ပေထု မြေဖို့ ခြင်းလုပ်ငန်းနှင့် ချောင်းဝကျေးရွာအုပ်စု ချောင်းဖျား- ကုလားဘာလမ်းပေါ်ရှိ ရေထုတ် ပြွန်တံတား လေးစင်း၊ ပိုက်ပြွန်တံတားနှစ်စင်း လုပ်ငန်းတို့မှာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအားလုံး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လျင်မြန်စွာသွားလာနိုင်မည်
ယင်းဒီရေတော(၀/၆)မိုင်၊ အကျယ်၂၆ ပေ၊ အမြင့်ရှစ်ပေ မြေဖို့ခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးနိုင်ခဲ့သဖြင့် ယခင်က ရေလမ်းခရီးကိုသာ အားကိုးအားထားပြုနေရသော မော်ကြီးကျွန်းပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် မော်ကြီး-ကြောင်တင်-မအူတော-ဝါးတော-လိပ်ပြင်ဒွန်-ငစိမ့်ပြင်မော်ကြီး ကျွန်းပတ်လမ်းမှတစ်ဆင့် ဒီရေတောလမ်း၊ လူချေတောင်ရင်း-ကျွန်းချောင်- စပါးထားလမ်းတို့ကိုဖြတ်ကာ ကျောက်ဖြူမြို့သို့ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး မော်ကြီးကျွန်းပေါ်ရှိ ကျေးရွာပေါင်း ကိုးရွာ၊ အိမ်ထောင်စု ၅၈၆ စုနှင့် လူဦးရေ ၂၇၀၅ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမှုကြောင့် မြို့ပြနှင့်ကျေးလက် လူမှုဆက်ဆံရေး အားကောင်းလာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။