
နေပြည်တော်၊ နိုဝင်ဘာလ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပူတာအိုမြို့နယ် ဇီအွန်-လန်းတောင်-နောင်ခိုင် ကျေးရွာချင်းဆက် ကျောက်ချောလမ်း အရှည် ၁ မိုင် ၇ ဖာလုံဖောက်လုပ်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်း ကိုက်ညီစေရေး၊ လမ်းပုခုံးသားများ အမာခံရရှိစေရန်နှင့် လမ်းသွယ်များအတွက် ကွန်ကရစ်ရေပြွန်များ ထည့်သွင်းတည်ဆောက်သွားရန်နှင့် ဇီအွန်မှ မူလာရှီးဒီသို့ ကျောက်ချောလမ်း ဆက်လက်ဖောက်လုပ်နိုင်ရေး စိစစ်တင်ပြရန် တာဝန်ရှိသူများအား မှာကြား၍ လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မချမ်းဘော့မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များမှ နေရပ်စွန့်ခွာခဲ့သည့် အိမ်ထောင်စု ၇၆ စုအား ပြန်လည်နေရာချထားပေးသည့် ပူတာအိုမြို့နယ် ဇီဒန်း (၂) ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံ၍ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း ပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု၍ ကျေးရွာဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ပူတာအိုဒေသ၏ ထွက်ကုန်များကို အဆင်ပြေ ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ တို့ ပူပေါင်းတာဝန်ယူ ဖောက်လုပ်လျက်ရှိသည့် ၂၅ မိုင် အရှည်ရှိ ပူတာအို လွင်ပြင်ပတ်လမ်းတစ်လျှောက် လမ်း/တံတားများ ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေ များအား မော်တော်ယာဥ်ဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဖောက်လုပ်နိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ မတ်ပန်ကွင်း မိုးစပါးဆင်းဧကရီ-၃ (RS-CS) မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းသို့ ရောက်ရှိ၍ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် နွေ၊ မိုး၊ ဆောင်း သီးထပ် စိုက်ပျိုးနိုင်ရေး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးမည့် အစီအမံများအား တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပူတာအိုမြို့၊ စိန့်အန်ထော်နီ ကက်သလစ် ဘုရားကျောင်းရှိ ပရဟိတကျောင်းသား/ကျောင်းသူများအား တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ ပါသည်။
ထို့နောက် ပူတာအိုမြို့ ဟိုခို (ပရဟိတ) ဇေယျသိဒ္ဓိကျောင်းနှင့် ဖန်ခိုင် (ပရဟိတ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်၍ ဆရာတော်များအား ဖူးမြော်ကာ ကျောင်းသား/ကျောင်းသူ များ၏ စားသောက်နေထိုင်ရေး လိုအပ်ချက်များအား လျှောက်ထားမေးမြန်းခဲ့ပြီး စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ တာဝန်ယူဖောက်လုပ်လျက်ရှိသည့် အထက် ဆန်ခေါင် - လုံနဒမ်း - ဇီယာဒမ်းမှတဆင့် ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံ များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဖောက်လုပ်နိုင်ရေး ခွဲဝေတာဝန်ယူဆောင်ရွက်သွားရန် မှာကြား၍ လမ်း/တံတားများ ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပူတာအို) ၌ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ပြီး ကျောင်းဝတ်စုံ၊ စာရေး ကိရိယာ၊ ဗလာစာအုပ်နှင့် အားကစားပစ္စည်းများ ပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ၎င်းနောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)၌ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊သင်တန်းသူများနှင့် မိတ်ဆုံစားပွဲ နေ့လယ်စာအား ရင်းနှီးနွေးထွေးစွာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။