နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း သင်တန်းများဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင်လ ၂၂  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့်အဖွဲ့သည်  ယမန်နေ့ ညနေပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်( ရန်ကုန် )သို့ ရောက်ရှိကာ ဒုတိယကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံ၍ စီမံရေး၊ လေ့ကျင့်ရေးနှင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
 ယနေ့ နံနက်ပိုင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သော စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၇၆)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၄၀)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၁၀) သင်တန်းများဆင်းပွဲ အခမ်းအနားကို  တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းများဆင်းပွဲ အခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် သင်တန်းသား ၊ သင်တန်းသူ အင်အား ၁၅၀ ဦးတို့ တက်ရောက် ခဲ့၍  အဆိုပါ သင်တန်းများကို ၂-၅-၂၀၂၂  ရက်နေ့မှ ၂၂-၇-၂၀၂၂ ရက်နေ့ထိ  ရက်သတ္တ ၁၂ ပတ်ကြာ ဖွင့်လှစ်ခဲ့ပါသည်။
    ထို့နောက် ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး၏ သင်တန်းကျောင်းဆိုင်ရာ ရှင်းလင်း တင်ပြချက် အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး  ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ ၊ စာသင်ဆောင်များ၊ စားရိပ်သာနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် လေးထပ်အိပ်ဆောင် ဆောက်လုပ်ခြင်းအပါအဝင် တည်ဆောက်ရေးလုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။