စက်တင်ဘာလ ၁၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်သည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) သို့ရောက်ရှိခဲ့ရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာမြို့၊ စွယ်တော်ကျောင်းတိုက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် (၆၀x၃၀) ပေ Rc ၂ ထပ် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင် ရေစက်ချလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ တာဝန်ရှိသူများနှင့်အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ-ရပ်စောက် ပြည်ထောင်စုလမ်းမကြီးမှ ကုံလုံစံကျောင်းသွားလမ်း ၁ မိုင် ၁ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ယင်းနောက် ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာ၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းနှင့် ကုန်းစောင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်းတယမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ကျောင်းသန့်ရှင်းသာယာ လှပရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ပါသည်။ ထို့နောက် ဓနုဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။