နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အတွင်း‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စက်တင်ဘာလ ၁၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်သည် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းအုပ်၊ သင်တန်းနည်းပြများ၊ ဝန်ထမ်းများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားပြီး ချီးမြှင့်‌ငွေများ ပေးအပ်ခဲ့ကာ ဘာသာရပ်အလိုက် ‌လေ့ကျင့်သင်ကြားနေမှုများ၊ သင်ထောက်ကူပစ္စည်းများ၊ အိပ်ဆောင်၊ စားရိပ်သာတို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းသားများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ဇဝနာရာမ စာသင်တိုက်အတွင်း တည်ဆောက်လျက်ရှိသည့် (၆၀ x၃၀) ပေ ၂ ထပ် ဆွမ်းစားကျောင်းဆောင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ပြီး လွိုင်ကော်မြို့သို့ ထွက်ခွာခဲ့ပါသည်။
    မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လွိုင်ကော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများအား  တွေ့ဆုံ၍ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို အလေးထား ဦးစားပေးတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့်လည်း တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံပြီး အသိဉာဏ်နှင့်ဆင်ခြင်တုံ တရားများကို တိုးတက်မြင့်မားလာစေရန် ပြုစုပျိုးထောင်ပေးသွားကြရန် မှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။    
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် လွိုင်ကော်မြို့အတွင်း နေအိမ်ပျက်စီးမှုများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်သည့် အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်ခဲ့ပါသည်။  ထို့နောက် လွိုင်ကော်မြို့ရှိ ပုပ္ပါရုံ ကျောင်းတိုက်၌ ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လွိုင်ကော်) တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ သင်တန်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဝါးခရာ-ပန်တိလမ်း ၁ မိုင် ၃ ဖာလုံအနက် ၆ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ယင်းနောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဆိုက်ခေါင်) သို့ရောက်ရှိခဲ့ပြီး ကျောင်းအုပ်၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ‌ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ‌ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လူငယ်သင်တန်းကျောင်း (ဆိုက်ခေါင်) မှ အထက (၁) ကျောင်းသို့ ဆက်သွယ်ထားသည့်လမ်း ၃ ဖာလုံအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့်ဟိုပုံးမြို့နယ်၊ သာယာကုန်းကျေးရွာတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph