
နေပြည်တော် ဇူလိုင်လ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်းနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်း စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ နို့စားနွား မွေးမြူရေးခြံနှင့် ဘဲမွေးမြူရေးခြံ ဆောက်လုပ်မည့် လျာထားမြေနေရာ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ၄ ထပ် အင်ဂျင်နီယာအလုပ်ရုံ ဆောက်လုပ်ခြင်း အပါအဝင် တည်ဆောက်ရေး လုပ်ငန်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးမှာကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်မှ ဆက်လက်ထွက်ခွာပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မအူပင်မြို့နှင့် ဘိုကလေးမြို့များရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ သွားရောက်ခဲ့ပြီး သင်တန်းကျောင်းခန်းမ၌ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ သင်တန်းကျောင်းအုပ်များ၏ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းတို့အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ရောက်ရှိ၍ တိုင်းဒေသကြီး ဦးစီးမှူးနှင့် သင်တန်းကျောင်း ကျောင်းအုပ်တို့၏ ရှင်းလင်းတင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် သင်တန်းသူများ လက်တွေ့သင်ကြား လေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်၊၊
နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများသို့ ရောက်ရှိ၍ သင်တန်းကျောင်းအုပ်များ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် သင်တန်းသားများ၏ လက်တွေ့သင်ကြား လေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မအူပင်မြို့နှင့် ဘိုကလေးမြို့တို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပုသိမ်မြို့နှင့် လပွတ္တာမြို့တို့တွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် လပွတ္တာမြို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း စုစုပေါင်း ၅ ကျောင်း တည်ထောင် ဖွင့်လှစ်ကာ ဒေသခံတိုင်းရင်းသား လူငယ်များနှင့် အမျိုးသမီးငယ်များအား အခြေခံပညာနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။



