နေပြည်တော် ဧပြီ ၁
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ကျင်းပပြုလုပ်သည့် နိုင်ငံတစ်ဝန်း သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေကြောရှာဖွေစက်နှင့် ရေတွင်းတူးစက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ လမ်း/တံတား၊ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာမက ရေရှားပါးသည့် ဒေသများ၌လည်း သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်တန်းပေးခြင်း၊ စက်ရေတွင်းများ တူးဖော်ပေးခြင်း၊ အဝီစိတွင်း/လက်တူးတွင်းများ တူးဖော်ပေးခြင်း၊ မြေသားရေကန်နှင့် မိုးရေ လှောင်ကန်များ တည်ဆောက်ပေးခြင်း၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက် လိုအပ်ချက်ရှိသည့်ဒေသများပေါ် မူတည်၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ယနေ့သင်တန်းကို တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် စိုက်ပျိုး/မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းနှင့် သက်ရှိများ အသက်ရှင်နေထိုင်နိုင်စေရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် ရေသယံဇာတ သဘာဝအရင်းအမြစ်အား စနစ်တကျ ရှာဖွေတူးဖော်နိုင်ရေး၊ အဆိုပါ သန့်ရှင်းသော မြေအောက် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင် ရေအနက် မီတာ ၁,၀၀၀ (ပေ ၃,၀၀၀) အထိ တူးဖော် အသုံးပြုနိုင်မည့် စက်ယန္တရားများဖြင့် ပထမဦးဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထား လုပ်ဆောင်ပေးနေသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ ရေရှားပါးသည့် ဒေသများကိုလည်း ရေရရှိရေးလုပ်ငန်းများအား တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါရေရရှိရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့် ရေကြောရှာဖွေရေးစက်၊ ရေတွင်းတူးစက်များကို ဝယ်ယူအသုံးပြု၍ ဝန်ထမ်းများအား ကျွမ်းကျင်ပညာရှင်များဖြင့် စာတွေ့၊ လက်တွေ့ ပို့ချနိုင်ရေးအတွက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လေ့ကျင့်သင်ကြားပေးမည့် အတတ်ပညာများကို ကြိုးစားလေ့လာသင်ယူသွားကြရန်နှင့် သင်တန်းပြီးမြောက် အောင်မြင်ပါကလည်း ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများကို သောက်သုံးရေ၊ စိုက်ပျိုးရေ ရရှိရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ယခင်ကတည်းက ရေလိုအပ်ချက်ရှိသည့် ဒေသများ၌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ရေရရှိရေးအတွက် လေ့ကျင့်သင်ကြားပေးသည့် ပညာရပ်များအပေါ် မူတည်၍ ဆက်စပ်အသုံးပြုမည့် ယာဉ်ယန္တရားများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချဆောင်ရွက် သွားနိုင်ရေး ကြိုးစားလေ့လာ သင်ယူသွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံ က ရေကြောရှာဖွေရေးစက်နှင့် ရေတွင်းတူးစက် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းသား များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရေကြောရှာဖွေရေးစက်နှင့် ရေတွင်းတူးစက်သုံးပစ္စည်းကိရိယာများနှင့် နည်းပြများ၏ ရေတွင်းတူးစက်လက်တွေ့တူးဖော် သရုပ်ပြသနေမှုအား သင်တန်းသားများ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် သည် တာဝန်ရှိသူများလိုက်ပါလျက် ကျောက်ဆည် ခရိုင်၊ မြစ်သားမြို့နယ်၊ ကံဆွယ်ကျေးရွာအုပ်စု၊ မြသုခကျေးရွာအနီး အနောက်ပြက္ခရွေတောင်တော်ပေါ်တွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ပဉ္စမမြောက် စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်ပြီးစီးခဲ့သည့် တောင်တက် မြေသားလမ်း ၄ မိုင် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စွယ်တော်မြတ်စေတီ ပရိဝုဏ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများပြီးစီးမှုနှင့် ထပ်မံဆောင်ရွက်နေသည့်လုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် နိုင်ငံတစ်ဝန်း သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေကြောရှာဖွေစက်နှင့် ရေတွင်းတူးစက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲတက်ရောက်
Post Paragraph
Paragraph Images
video-upload