နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ပူတာအိုမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင်လ  ၅   ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၄ ရက်နေ့  နေ့လည်ပိုင်းတွင်  ပူတာအိုမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းသင်တန်းကျောင်း (ပူတာအို)၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသူများအား တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ၆ ရပ် နှင့်အညီ တာဝန်ထမ်းဆောင်ရန်၊ ကျောင်းသား၊ ကျောင်းသူများအား မိသားစုသဖွယ် သဘောထား၍ ပညာသင်ကြားပေးခြင်း၊ ဆုံးမသွန်သင်ပေးခြင်းများ ပြုလုပ်ပေးရန်၊ မူလတာဝန်ဖြစ်သည့် ရုံးလုပ်ငန်းများအပြင် ကျောင်းသား၊ ကျောင်းသူများကို လိမ္မာယဉ်ကျေးမှုရှိအောင် ထိန်းကျောင်းပြုစု ပျိုးထောင်ကြရန်၊  ငယ်စဉ်ကတည်းကပင် မိမိအသိစိတ်ဓာတ်ဖြင့် ကြိုးစားလိုစိတ်ရှိအောင် သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ပြီး မိမိကိုယ်ကို ယုံကြည်မှုရရှိသည်အထိ ကြိုးစားအားထုတ်တတ်အောင် နည်းပေး လမ်းပြ သင်ကြားပေးရန်နှင့် စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရန်၊ လူငယ်သင်တန်းကျောင်းအနေဖြင့် လက်ရှိရရှိထားသော တက္ကသိုလ်ဝင်တန်း အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းသွားရန်၊  အိမ်တွင်းမှု သင်တန်းတက်ရောက်နေကြသော သင်တန်းသူများ အနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို တတ်မြောက်အောင် သင်ကြားပြီး အသက် မွေးဝမ်းကျောင်း ပြုရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက်  ကျောင်းဝတ်စုံနှင့် ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်ကာ သင်တန်းသူများ စက်ချုပ်သင်တန်း တက်ရောက်ပညာ သင်ကြားမှု၊ အိပ်ဆောင်၊ စားရိပ်သာနှင့် စားချက်ဆောင်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
     ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းဝန်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၃ ထပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်ချိန်မီပြီးစီး အောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။