နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် စစ်ကိုင်းမြို့နယ် ရွာသစ်ကြီး-ငါ့တရော် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဧပြီ ၁၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ (၉-၄-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဖောက်လုပ်ပြီးစီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီး-ငါ့တရော်ကျေးရွာသို့ ဆက်သွယ်သည့် (၁/၂) မိုင် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။
    အခမ်းအနား အစီအစဉ်အရ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငါ့တရော်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
    ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ စစ်ကိုင်းတိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ငါ့တရော်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကတ္တရာလမ်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးသည်။
    ဆက်လက်၍ ကတ္တရာလမ်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား ကတ္တရာလမ်းသစ်အား တာဝန်ယူဖောက်လုပ်ပေးခဲ့သည့် တိုးတက်သောရွှေနိုင်ငံ ကုမ္ပဏီလီမိတက်ကိုယ်စားလှယ်မှ ငါ့တရော် အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်သည်။ ထို့နောက် ကတ္တရာလမ်းသစ် ကဗ္မည်းမော်ကွန်းအား နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
    အဆိုပါ ကတ္တရာလမ်းသစ်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့်  ငါ့တရော်ကျေးရွာအတွင်းရှိ အိမ်ခြေ (၆၀၀)၊ လူဦးရေ (၃၂၀၀) တို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီးဖြစ်သဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုအဆင်ပြေ ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်းသိရှိရသည်။