နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဂျပန်နိုင်ငံမှ ပါမောက္ခများနှင့်တွေ့ဆုံ၍ Technical Institute ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့၊ International University of Japan နှင့် Kosan Technical Institute မှ ပါမောက္ခများနှင့် ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်၌ (၁၇-၁၀-၂၀၁၉)နံနက်ပိုင်းတွင် တွေ့ဆုံ၍ နယ်စပ်ဒေသမှ လူငယ်များအတွက် Technical Institute ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့သည်။
     ထိုသို့တွေ့ဆုံစဉ်ဒုတိယဝန်ကြီးက နယ်စပ်ဒေသရှိ ပညာသင်ကြားရန် အခက်အခဲ ရှိပြီး ပညာရေးတစ်ပိုင်းတစ်စသာ သင်ယူခဲ့ရသည့် လူငယ်များကို နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(၇)ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီး ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေဆက်သင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖန်တီးဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ဂျပန်နိုင်ငံ Bridge Asia Japan အဖွဲ့နှင့်ပူးပေါင်း၍ ဘားအံမြို့တွင် စက်မှုလက်မှုပညာသင်တန်းကျောင်း ဖွင့်လှစ်ပြီး သင်တန်းများ ပို့ချပေးလျက် ရှိကြောင်း၊ အလားတူ လောက်ကိုင်၊ ကွတ်ခိုင်၊ ထားဝယ်၊ လပွတ္တာ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့ များတွင်လည်း စက်မှုလက်မှုကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ သင်တန်းဆင်း အရေအတွက် စုစုပေါင်း(၅၃၀၄)ဦးအနက် (၂၀၅၇)ဦး အလုပ်အကိုင်ရရှိစေခဲ့သဖြင့် (၃၈.၈၀%) အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယခုဂျပန်နိုင်ငံအဖွဲ့နှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် (၃)နှစ်သင် Technical Institute (၁)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပါက ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင် မည်ဖြစ်၍ လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ခြင်းနှင့် Technical and Vocational Education and Training (TVET) လုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
အဆိုပါဂျပန်နိုင်ငံမှ အဖွဲ့ဝင်များသည် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ရှိ သင်ကြားမှု စနစ်များ၊ ဘားအံမြို့ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် ပညာရေးဝန်ကြီးဌာနရှိ ဘားအံ နည်းပညာ တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာအထက်တန်းကျောင်း (ရွာမ) အင်းစိန် တို့တွင်သင်ကြားသည့် ဘာသာရပ်များနှင့် သင်ကြားနေမှုများအား လေ့လာကြည့်ရှု ခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph