နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  နိုဝင်ဘာ ၂၃ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများလိုက်ပါ လျက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ရာ (၂၂-၁၁-၂၀၁၈)ရက်နေ့တွင် ပင်းတယမြို့နယ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရှော်ပင်-လင်းလေအင်း-မဲနယ်တောင် လမ်း(၂/၃)မိုင် ကျောက်ခင်းခြင်းအားလည်းကောင်း၊ ရွာငံမြို့နယ် ရွာငံ-မျှားကလေး (၁/ဝ)မိုင် ကျောက်ခင်းခြင်းအား လည်းကောင်း၊ ရနဲ-တောင်ဦး-ဆတ်ခြံ (၁/ဝ)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း အား လည်းကောင်း၊  ဖောင်းပြား-မြေနီကုန်း-တောင်ချွန်-ဝါးပြားလမ်း (၁/ဝ)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းနှင့်ရွှေပုထိုး-ပန်းစစ်-ကြံခင်းမြောင် (၂/ဝ)မိုင် မြေလမ်းဖောက်လုပ်ခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၂၃-၁၁-၂၀၁၈)ရက်နေ့တွင်  ပင်းတယ မြို့နယ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့် သရက်ကုန်း(မြောက်) ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းနှင့် သရက်ကုန်း(တောင်)ကျေးရွာ၌ လျှပ်စစ်မီးရရှိရေးလုပ်ငန်း တို့အားလည်းကောင်း၊  မိုင်းအင် (နီပေါလ်) ကျေးရွာစာသင်ကျောင်းနှင့် ကျေးရွာအတွက် ရေဂါလံ(၆၀၀)ဆံ့ (၁၅)ပေအမြင့် ရေစင်၊ ဂါလံ(၅၀၀၀)ဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်းနှင့် (၄၅၀)ပေရေပိုက်သွယ်တန်းခြင်း လုပ်ငန်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ရေရရှိရေးလုပ်ငန်းသည် ကျေးရွာအတွင်းရှိ အိမ်ခြေ(၃၀)၊ အိမ်ထောင်စု(၃၀)စု၊ လူဦးရေ(၁၆၄)ဦး တို့အတွက် များစွာအကျိုးဖြစ်ထွန်းစေပြီး ဒေသခံပြည်သူများကလည်း ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်းတယမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများအား တွေ့ဆုံမှာကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ စာသင်ဆောင်၊ ကျောင်းသား/သူအိပ်ဆောင်၊ စားဖိုဆောင်၊ စားရိပ်သာနှင့် ရာသီသီးနှံပင်စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။