
နေပြည်တော် ဖေဖော်ဝါရီလ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တာဝန်ရှိသူများလိုက်ပါ လျက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၀၈၂၀ နာရီတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ သံတွဲမြို့နယ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိ၍ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါသည်။ ၁၁၁၅ နာရီတွင် ဂွမြို့သို့ရောက်ရှိ၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အိမ်တွင်း သက်မွေးလုပ်ငန်းသင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၁၄၀၀ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ထည့်ဝင် လှူဒါန်းငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဂွမြို့၊ သမိုင်းဝင်မင်းတောင်စေတီတော်မြတ်ကြီး တောင်တက်လမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ၀၉၃၀ နာရီတွင် လပွတ္တာမြို့ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိ၍ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့်တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းအလုပ်ရုံ၊ စာသင်ဆောင်များ၊ အိပ်ဆောင်၊ စားရိပ်သာ၊ မီး/ရေ ရရှိမှုအခြေအနေ၊ သင်တန်းသား/သူများ လက်တွေ့/စာတွေ့ သင်ကြား နေမှု၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီလ၂၃ရက်နေ့ ၀၈၀၀နာရီတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ ရောက်ရှိ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ၄-ထပ် အလုပ်ရုံစာသင်ဆောင်၊ အားကစား ကွင်းပွဲကြည့်စင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတည်ဆောက်ရေးလုပ်ငန်းနှင့် ကျောင်းသား/သူ အိပ် ဆောင်များ၊ စားရိပ်သာများ၊ စာသင်ကြားနေမှုအခြေအနေနှင့် လက်တွေ့ခန်းများ၊ စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေး၍ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် နေ့လည်စာအတူတကွ သုံးဆောင် ခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ကြီးနှင့်ဌာနမှူးများ၊ ပါမောက္ခများနှင့် လည်းကောင်း၊ ဆရာ/ ဆရာမ များ၊ ကျောင်းသား/သူများနှင့်လည်းကောင်းတွေ့ဆုံ၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ညောင်နှစ်ပင်စိုက်ပျိုး မွေးမြူရေး အထူးဇုန်(၃)သို့ ၁၅၁၅ နာရီတွင် ရောက်ရှိစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။