နေပြည်တော် ဇွန်လ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများ လိုက်ပါလျက် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို (၁၉-၆-၂၀၁၉) ရက်နေ့မှ (၂၁-၆-၂၀၁၉) ရက်နေ့အထိ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၁၉-၆-၂၀၁၉) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ အင်္ဂဘို-ကဒိုင်ဒွတ်-မိုးဘောလမ်း (၂/၀)မိုင် ကျောက်လမ်းခင်းခြင်းနှင့် သထုံမြို့နယ်၊ အင်တော-အထက် နောင်ကတုတ် ကျောက်လမ်း(၃/၀)မိုင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေကြည်(အမက) အတွက် ဗလာစာအုပ် (၅၀) ဒါဇင်နှင့် ကျောင်းစိမ်းဝတ်စုံ (၅၀) စုံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် သထုံခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သထုံမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ကျောင်းသား/သူများအား တွေ့ဆုံ မှာကြားပြီး ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ စားဖိုဆောင်၊ ရာသီသီးနှံပင်များနှင့် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်မရောမြို့နယ်၊ ကျီးအုပ်-ညောင်ကုန်း (၃/၀) မိုင် ကျောက်ခင်းလမ်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ရေးမြို့နယ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ချောင်းတောင်ကျေးရွာ ရွာရှောင်လမ်း (၁၉၀၀)ပေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဒုတိယဝန်ကြီးမှ ယခင်က ချောင်းတောင်ကျေးရွာအတွင်း ကားလမ်းဖြတ်သန်းသွားမှုကြောင့် ယာဉ်များသွားလာရခက်ခဲခြင်း၊ ယာဉ်မတော်တဆမှုများ ကြုံတွေ့ရခြင်းတို့ကို ရှောင်ရှားနိုင်ရန် ယခုကဲ့သို့ ရွာရှောင်လမ်း ဖောက်လုပ်ပေးရခြင်း ဖြစ်ကြောင်း၊ လမ်းပခုံးများ ဂဝံခင်း၍ ထပ်မံကြိတ်ပေးရန်နှင့် လမ်းရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ကျေးရွာလူထုမှ ဝိုင်းဝန်ကူညီဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။ ၎င်းနောက် ရေးမြို့နယ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ကျုံးလောင်းရွာဟောင်းကျေးရွာရှိ အလယ်တန်းကျောင်း၌ ကျောင်းဆောင်သစ် (၁) ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/သူများအတွက် ကျောင်းစိမ်း ဝတ်စုံ (၈၀)စုံနှင့် ဗလာစာအုပ် (၈၀)ဒါဇင်လှူဒါန်းပြီးစာသင်ခုံ (၆၀) စုံအတွက် ကျောင်းကြီးကြပ်ရေး ကော်မတီထံသို့ ရန်ပုံငွေ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။