နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နိုဝင်ဘာလ   ၄    ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ဖုန်းမြတ်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၊  ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ  ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) နှင့် ဗဟိုလေ့ကျင့်ရေးကျောင်းမှ ဝန်ထမ်းများ  တွေ့ဆုံခဲ့ပါသည်။ 
ရှေးဦးစွာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီးက ဒီဂရီကောလိပ်ဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ဗဟိုလေ့ကျင့်ရေးကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမ၊ ကွန်ပျူတာစာသင်ခန်း၊ သင်တန်းသူအိပ်ဆောင်၊ ငွေနှင်းမှို စိုက်ပျိုးထားရှိမှု၊ ပျိုးဥယျာဉ် ၊ Green House များတွင် ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ရာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက တည်ဆောက်လုပ်ရေးလုပ်ငန်းများ၊ ယန္တရားကြီးများနှင့် ထောက်ပံ့ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး  ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ကာ ရုံးဝန်းအတွင်းရှိ ယာဉ်၊ ယန္တရားကြီးများ ကြံ့ခိုင်မှုနှင့်ထိန်းသိမ်းထားရှိမှု၊ ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

video-upload