
ဇန်နဝါရီလ ၂၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ “နိုင်ငံသားတိုင်း ဥပဒေအသိပညာရှိသင့်သည်” ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ထမ်းများအနေဖြင့် ဥပဒေဆိုင်ရာ အခြေခံသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီသီး၌ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကျေပွန်စွာထမ်းဆောင်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း။ ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့်အပြင် နိုင်ငံသားတိုင်း အနေ ဖြင့်လည်းမဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းရမည့် သတ်မှတ်ပြဋ္ဌာန်းချက်တစ်ခုလည်းဖြစ်ပါကြောင်း၊ အထူးသဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ဥပဒေအသိပညာရပ်များကို ပိုမိုသိရှိနားလည်တတ်ကျွမ်းရန် လိုအပ်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေအသိပညာများ တတ်ကျွမ်းနားလည်မှုကို အသုံးချ၍ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ပြဋ္ဌာန်းသတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာသွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများကို လေးစား လိုက်နာပြီး ဥပဒေနှင့်ငြိစွန်းနိုင်သည့် ကိစ္စရပ်များကို ရှောင်ရှား၍ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ယုံကြည်ချက်ခိုင်မာစွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဥပဒေအသိပညာရပ်များကို ဆွေးနွေးသင်ကြားပို့ချကြမည့် နည်းပြများ အနေဖြင့် သိရှိနားလည် တတ်ကျွမ်းထားရှိသည့် ဥပဒေဗဟုသုတများကို မခြွင်းမချန် ကြိုးစားသင်ကြားပို့ချသွားကြရန်နှင့် သင်တန်းတက်ရောက်မည့် ဝန်ထမ်းများကလည်း သင်ကြားပို့ချမှုများကို အလေးထား သင်ယူမှတ်သား သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီများ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ဖွံ့ဖြိုးရေးတက္ကသိုလ်ဥပဒေ၊ နိုင်ငံဝန်ထမ်း နည်းဥပဒေ၊ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ MoU၊ MOA စာချုပ်များစိစစ်ခြင်းနှင့် လက်မှက်ရေးထိုးခြင်း၊ ဆိုက်ဘာလုံခြုံရေးဥပဒေနှင့်ဆိုက်ဘာလုံခြုံရေးအသိပညာ၊ မြေယာဥပဒေ၊ ရာဇသတ်ကြီးဆိုင်ရာ သိကောင်း စရာများ၊ နိုင်ငံ့ဝန်ထမ်းများ အခြေခံအားဖြင့် သိသင့်သိထိုက်သည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ စသည့် ဘာသာရပ်များကို ဥပဒေရေးရာဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သည့် ဥပဒေအသိပညာ ပြန့်ပွားရေး ဆင့်ပွားသင်တန်းသို့ တက်ရောက်ပြီးသော အရာထမ်း၊ အမှုထမ်းများ ပေါင်းစပ်စုဖွဲ့၍ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတို့အား ရက်သတ္တပတ် ၂ ပတ်ကြာ စနစ်တကျ လေ့ကျင့်သင်ကြား ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
