
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၇-၁၂-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖုန်းမြတ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့် ပြည်နယ်/ တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး သည် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စတင် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် မြေပြင်အခြေအနေများကို ညှိနှိုင်း သုံးသပ် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှာရှိသည့် ဖဖရမှူးများနှင့်လည်း Video Conferencing ဖြင့် တစ်ပြိုင်တည်း ပါဝင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း။
နယ်စပ်ဒေသများသည် ထူးခြားသည့် ဝိသေသလက္ခဏာများရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ရာသီဥတု ဆိုးဝါးမှုနှင့် တချို့နေရာများမှာ လုံခြုံရေးအခြေအနေ ထူးခြားသည့်ဒေသများ ဖြစ်သဖြင့် လုပ်ငန်းများ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့်အညီ အချိန်မီ ပြီးစီးရေးအတွက် တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှု များကို ကြိုတင်မျှော်တွေးပြီး ဆောင်ရွက်ကြရခြင်း ဖြစ်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကို လွှတ်တော်က အတည်ပြုပြီး၊ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက် ရလျှင်ရချင်း၊ နိုင်ငံတော် သမ္မတရုံး က ထုတ်ပြန် ထားသည့် (၁/၂၀၁၇) ပါ တင်ဒါ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ အောက်တိုဘာလ ဒုတိယပတ်တွင် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပြီး၊ တင်ဒါအောင်ကုမ္ပဏီများနှင့် အောက်တိုဘာလ တတိယပတ်တွင် စာချုပ်ချုပ်ဆို လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ကြောင်း။ ယခုအခါမှာ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ အားလုံး တင်ဒါ စည်းမျဉ်း စည်းကမ်း နှင့်အညီ အောင်မြင်ထားပြီးဖြစ်သည့် ကုမ္ပဏီများက စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး အချို့သော လုပ်ငန်းများမှာ ၂၅% / ၃၀% ကျော် ပြီးစီးနေပြီဖြစ်ကြောင်း။
နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်များ၊ လွှတ်တော် ကတိကဝတ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ တင်ပြချက်များ၊ ဒေသခံလူထု၏ တောင်းဆိုမှုများ၊ သက်ဆိုင်ရာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် ဆောင်ရွက်လိုသည့် လုပ်ငန်းများကို စီမံကိန်းတွင် လျာထားခဲ့ပြီး၊ ဘဏ္ဍာငွေ ခွင့်ပြုဝင်ဆံ့မှုအရ ဦးစားပေး အလိုက် အဆင့်ဆင့် ကြပ်မတ် စစ်ဆေး ရွေးချယ် ခွင့်ပြုခဲ့သည့် လုပ်ငန်းများ ဖြစ်ကြောင်း။
ယင်းသို့ စီမံကိန်း လျာထားသည့်အခါတွင် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ (၄) ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ နှစ် (၃၀) စီမံကိန်း၊ နှစ်ရှည်၊ နှစ်လတ်၊ နှစ်တို စီမံကိန်းများအပြင် Myanmar Sustainable Development Plan (MSDP) ၏ မဏ္ဍိုင်ကြီး (၃) ခု၊ ရည်မှန်းချက် (၅) ခု တို့၏ အစိတ်အပိုင်းများ အဖြစ် ချိတ်ဆက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။ ယခုအချိန်အခါမှာတော့ COVID-19 ကို ကြာရှည် ရင်ဆိုင်ခဲ့ရသည့်အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (COVID-19 Economic Relief Plan - CERP) ၏ ပန်းတိုင် (၇) ခု၊ မဟာဗျူဟာ (၁၀) ခု တို့နှင့်လည်း ချိတ်ဆက်မိအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း။
မိမိတို့ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် ပြည်မနှင့် ပြည်နယ် အကြား ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းလာစေပြီး၊ ပြည်မနှင့် ပြည်နယ်များ အကြားအလပ်မရှိ ဟန်ချက်ညီညီ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသများတွင်ရှိသည့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဖွံ့ဖြိုးမှု ရေရှည်တည်တံ့စေရေးအတွက် ဦးတည်ချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများကို နှစ်စဉ် ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေ အကန့်အသတ်ရှိသည့် အတွက် ခွဲဝေရရှိသည့် ရန်ပုံငွေနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများကို ထိထိ ရောက်ရောက် အကျိုးဖြစ်ထွန်းမှု အများဆုံးဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့် မရှိအောင် ထိန်းသိမ်း ကြပ်မတ် စိစစ် ဆောင်ရွက်လျက်ရှိကြောင်း။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စုစုပေါင်းလုပ်ငန်း (၅၄၈) ခုကို ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ် (၆၅.၂၅၈) ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကလည်း ဖြစ်ပွားလျက်ရှိသည့်အတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်မှုအပိုင်းနှင့် ကြီးကြပ်မှုအပိုင်းတွင် အခက်အခဲများလည်း ရှိနိုင်ပြီး တချို့ လုပ်ငန်းခွင်များမှာ နှောင့်နှေး ကြန့်ကြာနေတာများလည်း ရှိကောင်းရှိနိုင်သဖြင့် အခက်အခဲ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း။
ဝန်ထမ်းရေးရာ ကိစ္စရပ်များဖြစ်သည့် ဝန်ထမ်း ကျင့်ဝတ်၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများ လိုက်နာရေး၊ ဝန်ထမ်း သက်သာ ချောင်ချိရေး၊ အဂတိတရားကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ ကျန်းမာကြံ့ခိုင်ကြစေရေးနှင့် ဝန်ထမ်းများအားလုံး အဂတိတရား ကင်းရှင်းရေး အတွက် အဂတိ လိုက်စားမှုကို မသိလို့ ကျူးလွန်ခြင်း မဖြစ်ရ လေအောင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ကိုလည်း လေ့လာသိရှိနိုင်ဖို့ ဌာနအားလုံးသို့ ဖြန့်ဝေထားပြီး ဖြစ်ကြောင်း။ ဝန်ထမ်းများ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားမှု ကင်းရှင်းပြီး ကျန်းမာ ကြံ့ခိုင် စေရေးအတွက် မိမိတို့၏ လက်အောက်မှာ ရှိသည့် ဝန်ထမ်းမိသားစုများကိုပါ အမြဲမပြတ် သွန်သင် ဆုံးမ ကြပ်မတ်ပြီး မိသားစုများ၏ သက်သာချောင်ချိရေးကိစ္စရပ်များကိုလည်း တတ်စွမ်း သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း။
နိဂုံးချုပ်အားဖြင့် နယ်စပ်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး မိမိတို့ ပြည်သူအများ မျှော်မှန်းထားသည့် စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး အဖြစ် တည်ရှိစေရေးအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက်လာစေရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း ဆောင်ရွက်သွားကြရေး မှာကြားခဲ့သည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းဌာန၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/တိုင်းဒေသကြီး ဖြိုးမှုကြီးကြပ်ရေးမှူးများ က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများအား Covid-19 ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများအား ဒေသအလိုက် ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။