
နေပြည်တော်၊ ဇူလိုင်လ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်အကူပြုစေရန်နှင့် အရိပ်အာဝါသ ရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများ အား နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်၊ ဝဏ္ဏသိဒ္ဓိ အားကစားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးခဲ့ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်း ဝင်ကျွန်း ၂၀၀ ပင် ၊ အရိပ်ရလေကာပင် ဖြစ်သည့် မဟော်ဂနီ ၁၀၀ ပင် စုစုပေါင်း ၃၀၀ ပင် တို့ကို ပါဝင်စိုက်ပျိုးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။ ဆက်လက်၍ ယခင်နှစ် စိုက်ပျိုးပင်များ ပြန်လည်အစားထိုး စိုက်ပျိုး ထားရှိမှုနှင့် ပထမအကြိမ် စိုက်ပျိုးခဲ့ကြသည့် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်၊ အရိပ်ရ လေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ ကာလအတွင်း ပထမအကြိမ်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် ၁၀,၈၆၅ ပင်၊ ဒုတိယအကြိမ်၌ ယခုစိုက်ပျိုးခဲ့သော ၃၀၀ ပင် အပါအဝင် စုစုပေါင်း ၉,၅၉၃ ပင် တို့အား စိုက်ပျိုးပြီးခဲ့ကြောင်းနှင့် ရှင်သန်အောင်မြင် ဖြစ်ထွန်းရေး အတွက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။