နယ်စပ်ရေးရာဝန်ကြီးဌာနက ကိုဗစ်စင်တာများသို့ ဆေးဝါးများ၊အင်အားဖြည့် အစားအစာများ ထောက်ပံ့လှူဒါန်း

ဇန်နဝါရီလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်း ဆန်တော်၊ ဆီ၊ ကုလားပဲများကို ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်းသာမဏေများအတွက် ဆပ်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါကုသကာကွယ်ရေး စင်တာများတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ အင်အားဖြည့်အစားအစာများ၊ ဆေးဝါးများ၊ ရေသန့်များကိုလည်း ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။
    ထိုသို့ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဇန်နဝါရီလ ၂၃ ရက်နေ့၌ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ကြည်မင်းသိန်းနှင့် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးသီဟဇော်တို့မှ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ COVID Center သို့ လိုအပ်သည့်ဆေးဝါးများ၊ ကျန်းမာရေးဆိုင်ရာ အင်အားပြည့် အစားအစာများနှင့် ရေသန့်များ သွားရောက်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး၊ ဒေါက်တာလှဌေးမင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်မြေအတွင်း မိုင်းတုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်ရှိ ဘုန်းတော်ကြီးနှင့် Church ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအား ထောက်ပံ့ လှူဒါန်းခဲ့ပြီးဖြစ်ပြီး ကျန်မြို့နယ်များတွင်လည်း ဆက်လက်ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။