နေပြည်တော်၊ နိုဝင်ဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း အစဉ်လေ့လာသင်ယူနေသော လူ့ဘောင် အဖွဲ့အစည်း ဖြစ်လာစေရန်နှင့် တက်ကြွစွာ လေ့လာသင်ယူနိုင်သော ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အတွေ့အကြုံရှင်းလင်းပွဲများ ပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် ခဲ့ကြသည့်ဝန်ထမ်းများအနေဖြင့် လေ့လာသိရှိ တတ်ကျွမ်းခဲ့ကြသည့် အတွေ့အကြုံကောင်းများကို Knowledge Sharing ပြုလုပ်ပေးခြင်းဖြင့် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက မိမိတို့ ဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင် လိုအပ်သလို အသုံးချ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင်၊ သင်တန်း၊ လေ့လာရေးခရီးစဉ်များ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများသို့ ရွေးချယ် စေလွှတ်ခြင်းခံရပါက နိုင်ငံတကာနှင့်ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏ အရည်အချင်း၊ အရည်အသွေးများကို အမြဲမပြတ် မြှင့်တင်ဖြည့်တင်းထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နောင်တွင် လည်း ပြည်ပနိုင်ငံများသို့ သွားရောက်သည့် ဝန်ထမ်းများအနေဖြင့် မိမိ တို့၏ အတွေ့အကြုံကောင်းများကို ရှင်းလင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းနှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်က ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့မှ ၂၅ ရက် နေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင်ပြည်နယ်များသို့ ထိုင်းနိုင်ငံ၏ အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စွမ်းရည်မြှင့်တင်ရေးသင်တန်းဆိုင်ရာ ဆောင်ရွက်နေမှုအား လေ့လာရေးသွားရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ အတွေ့အကြုံများကိုလည်းကောင်း၊ ဝန်ကြီးရုံး ပြည်တွင်း/ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ယွန်းစန္ဒီမျိုးက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် Seminar on Applied Chinese for Government Officials from ASEAN Countries သို့ တက်ရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ အတွေ့အကြုံ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြား ဆွေးနွေးမှုများကိုပြုလုပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါ သည်။
© Copyright Ministry of Border Affairs 2019, All rights reserved.