နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့မှုနှင့် ပြည်တွင်းသင်တန်းများတက်ရောက်ခဲ့မှုအပေါ် အတွေ့အကြုံရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၁၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့မှုနှင့် သင်တန်းများတက်ရောက်ခဲ့မှုအပေါ် အတွေ့အကြုံရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်/ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ 
    ရှေးဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဦးလှသိန်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ နာဂါအိုကာမြို့နှင့် နီဂါတာမြို့များတွင် ခေါင်းဆောင်မှုစွမ်းရည် တိုးမြှင့်ရေးဆိုင်ရာ လေ့လာရေးသွားရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့်အတွေ့အကြုံများကို လည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဲနေနေကျော်က အလယ်အလတ် အဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ် (၆) သို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့် အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။
    ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် က ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ပနိုင်ငံများနှင့်  သင်တန်းများတွင်ရရှိခဲ့သည့် အကျိုးကျေးဇူးများ၊ တွေ့ရှိခဲ့သည့်အားသာချက်၊ အားနည်းချက်များ၊ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် အစဉ်အလာကောင်းများ၊ နောင်တွင် ဆောင်ရွက်သင့်သည့် အလေ့အကျင့်ကောင်းများကို ထုတ်ဖော်ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ ကျန်းမာရေး၊ ပညာရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေမှု၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် သင်တန်းများ စေလွှတ်တက်ရောက်စေမှုနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်ရှိသည်များကို မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။