နေပြည်တော် စက်တင်ဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၅ ကျောင်း၌ ၆-၅-၂၀၂၄ ရက်မှ ၂၇-၉-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုပ်သင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်းများနှင့်အတူ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ၊ ပုသိမ်)တို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်းဆောင်၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းဆင်းပွဲများအား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ပုသိမ်မြို့၊ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
အလားတူ အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲများကို ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကျိုင်းတုံမြို့ သင်တန်းကျောင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ လဟယ်မြို့ သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချူပ် ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြိုင်ကြီးငူမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်၊ ကွန်ဟိန်းမြို့ သင်တန်းကျောင်းတွင် အခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုနိုင် တို့တက်ရောက်ခဲ့ကြပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များမှ တာဝန်ရှိသူများအသီးသီး တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော ဒေသများမှ တိုင်းရင်းသားအမျိုးသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးခြင်း၊ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျရောင်းချပေးပြီး ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ပေးခြင်း၊ သင်တန်းထူးချွန်ရရှိသူများအား အပ်ချုပ်စက် ၁ စုံစီ ဆုချီးမြှင့်ပေးခြင်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဆင်းပြီးသူများကိုလည်း ဟိုတယ်ဇုန်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၅ ကျောင်းတွင်၂၀၂၄ ခုနှစ် မေလ ၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့အထိ ရက်သတ္တ ၂၁ ပတ်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုပ်သင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများသို့ သင်တန်းသား/သူ ၄၆၅ ဦး တက်ရောက်ခဲ့ကြပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းကျောင်း များ စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ သင်တန်းသား/သူ စုစုပေါင်း ၉၆၈၄၁ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။