ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့

“တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာနိုင်တာနဲ့အမျှ တိုင်းရင်းသားလူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတွေရရှိလာပြီး တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေ ပိုမိုရရှိလာမှာပဲဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုရှိမှလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းကနေ ရရှိနိုင်တယ်ဆိုတာကို အလေးအနက်ထား သတိမူကြရမှာဖြစ်ပါတယ်။ နယ်စပ်ဒေသတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း တစ်ဘက်ကလည်း နယ်စပ်ဒေသများရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ယူဆောင်ပေးနိုင်ရေး ကြိုးပမ်းကြဖို့လိုအပ်ပါတယ်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) တွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
လွန်ခဲ့သော ၁၉၈၉ ခုနှစ်၊ တပ်မတော်အစိုးရလက်ထက် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်အဖြစ် ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့နှင့် အဖွဲ့ခွဲများ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ငြိမ်းချမ်းပြီ ဆိုသည်နှင့်တစ်ပြိုင်တည်း ကပ်ပါလာသည်က ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ ၁၉၈၉ ခုနှစ် မေလ ၃၁ ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၁၇ ဦးဖြင့် စတင် ဖွဲ့စည်းကာ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြသည်။
ဖွံ့ဖြိုးတိုးတက်မှုဟုဆိုလျှင် ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ (သို့တည်းမဟုတ်) အသိဥာဏ်ပိုင်းဆိုင်ရာဖြစ်စဥ်ဟု အကြမ်းဖျင်းအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုစဥ်က နယ်စပ်ဒေသများတွင် လုပ်ငန်းကော်မတီဝန်ထမ်းများက ဖွံ့ဖြိုးရေးရုံးများဖွင့်လျက် လမ်းပန်းဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။ ထိုမှတစ်ဆင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ၎င်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများအား မြန်မာပြည်တစ်နံတစ်လျား နယ်စပ်ဒေသတစ်လျှောက် အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ယနေ့အချိန်ကာလတွင် ဖွံ့ဖြိုးရေးရလဒ်များအဖြစ် လမ်းပေါင်းမြောက်များစွာ၊ တံတားပေါင်းမြောက်များစွာ၊ ပညာရေး၊ ကျန်းမာရေး စသောအခြေခံအဆောက်အဦမြောက်များစွာ၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေးစသည်ဖြင့် ငြင်း၍မရနိုင်သော အထောက်အထားများစွာက မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများဖွံ့ဖြိုးရေးသမိုင်းကြောင်း တစ်နည်းအားဖြင့် နိုင်ငံတော်အစိုးရ၏ စေတနာ တစ်နည်းအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ စွမ်းဆောင်ရည်ကို ဖော်ညွှန်းနေသည်ဟု ဆိုချင်ပါသည်။
ထို့ပြင်မက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ ပညာရေးအတွက် ယခင်က စာသင်ကျောင်းမရှိသောနေရာများတွင် စာသင်ကျောင်းများဖွင့်လှစ်ပေးခြင်း၊ ဆရာ ဆရာမများ စေလွှတ်ခြင်း စသော လိုအပ်နေသည့် ပညာရေးကွက်လပ်များအား ဖြည့်ဆည်းပေးနိုင်ခဲ့ကြသည်။
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာကဏ္ဍတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ၂ ကျောင်း၊ အခြေခံပညာရပ် များအတွက် လူငယ်သင်တန်းကျောင်း ၄၅ ကျောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ အတွက် စက်မှုလက်မှုသင်တန်းကျောင်း ၉ ကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း ၄၇ ကျောင်းတို့ ဖွင့်လှစ်နိုင်ခဲ့ပြီးတိုင်းရင်းသားတို့၏ လူ့စွမ်းအားအရင်းအမြစ်များအား မြေတောင်မြှောက်ပေးနိုင်ခဲ့သည်။ ထိုဖွံ့ဖြိုးတိုးတက်မှုများသည် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းသောကြောင့် တစ်နည်းအားဖြင့် “ငြိမ်းချမ်းရေး”၏အဓိပ္ပာယ်ကို ပီပီပြင်ပြင်ဖွင့်ဆိုနိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဖြစ်စဥ်အား စဥ်ဆက်မပြတ် မောင်းနှင်နိုင်ခဲ့ခြင်းဖြစ်သည်။
“အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်၊ ပြည်မအကြားအလပ်မရှိစေရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပေးရန်” ဟူသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာဖြစ်သည်။ ထိုမဟာဗျူဟာ ရည်မှန်းချက်အတိုင်း နယ်စပ်ဒေသများ၏ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်အဟုန်ပြင်းပြင်း ဆောင်ရွက်နိုင်သကဲ့သို့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုအား အဓိကဒေါက်တိုင်ကြီး ၃ ခုဖြင့် တည်ဆောက်ရသည်ဟု ဆိုကြသည်။ (၁) လူမှုရေးကောင်းမွန်မှု (Social)၊ (၂) စီးပွားရေးဖွံ့ဖြိုးမှု (Economic) နှင့် (၃)သဘာဝပတ်ဝန်းကျင် တည်မြဲမှု (Environment) တို့ဖြစ်သည်။ ဒေါက်တိုင်ကြီး ၃ ခုအနက် အခြေခံအကျဆုံး ဒေါက်တိုင် ဖြစ်သော လူမှုရေးကောင်းမွန်မှုသည် တည်ငြိမ်အေးချမ်းခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ ငြိမ်းချမ်းခြင်း စသော အင်္ဂါရပ်များမရှိဘဲ မဖြစ်နိုင်ပေ။
ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါစကီမြို့တို့သည် အနုမြူဗုံးအကြဲခံရပြီး ပြာပုံအတိဖြစ်ခဲ့ရသည်။ ထိုအခြေအနေမျိုးမှ မာရှယ်စီမံကိန်းဖြင့် ပြန်လည်ရုန်းထပြီး ၂၀ ရာစု အတွင်းမှာပင် ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဂျပန်နိုင်ငံ၏စစ်ပြီးခေတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် စဥ်ဆက်မပြတ် ဒေသဖွံ့ဖြိုးရေးအသိသညာ Sustainable Regional Development Concept သည် အရေးကြီးနေသောနေရာမှ ပါဝင်ပါသည်။ ထိုအသိသညာတွင် အခြေခံအချက်ကြီး ၃ ချက်ရှိသည်။ Disaster Management၊ Environmental Management နှင့် အရေးအကြီးဆုံးနှင့် အခြေခံအကျဆုံးဖြစ်သော Human Security တို့ဖြစ်သည်။ အကြမ်းအားဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုမရှိလျှင် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် သမင်မွေးရင်း ကျားစားရင်းနှင့် တည်ဆောက်ခဲ့သမျှ အပျက်သံသရာလည်နေမည်။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုမရှိပြန်လျှင်လည်း ပျက်စီးရေးကို လက်ယက်ခေါ်သလိုဖြစ်နေမည်။ အရေးကြီးသည်က လူသားလုံခြုံမှုဖြစ်သည်။ လူသားလုံခြုံမှုအတွက် ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရန်လိုသည်။ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရန် အခြေခံအားဖြင့် တည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းမှုရှိနေရန် မဖြစ်မနေလိုအပ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်သည် တည်ငြိမ်အေးချမ်းခြင်းဖြစ်သည်နှင့်အညီ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တည်ငြိမ်အေးချမ်းခြင်းအပေါ်တွင် တည်မှီနေကြောင်း ပြောလိုရင်းဖြစ်ပါသည်။
ခေတ်အဆက်ဆက်အစိုးရများသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလိုသော စေတနာများရှိခဲ့ကြသည်။ ဆောင်ရွက်ပေးခဲ့ကြပါသည်။ သို့သော်မိမိတို့နိုင်ငံ၏ လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ နှစ်ပေါင်း ၇၀ ကျော်ကာလကြာမြင့်အောင် လက်နက်ကိုင်ပဋိပက္ခများရင်ဆိုင်နေရမှု၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ ပြည်သူပိုင်လမ်းတံတား၊ အဆောက်အဦများကို ဖျက်ဆီးမှုများက နိုင်ငံနှင့်ပြည်သူအား ဆင်းရဲနွံထဲသို့ တွန်းပို့မှုများကြုံခဲ့ကြရသည်။ နိုင်ငံချစ်သူများက တည်ဆောက် ပြုပြင်ကြသည်။ ကိုယ်ကျိုးစီးပွားအတွက် ဖျက်ဆီးသူကလည်း ဖျက်ဆီးရက်ကြသည်။
နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီးက “မိမိတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုး ၁၃၀ ကျော်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နိုင်ငံဖြစ်တာနဲ့အညီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ အသက်တစ်မျှ အရေးကြီးပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကိုပြန်ကြည့်ရင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရတာ၊ ကိုလိုနီလက်ထက်မှာ ကာလကြာရှည်ခဲ့ရတာ၊ လွတ်လပ်ရေးရပြီးစ ကာလကတည်းက အခုအချိန်ထိ တည်ငြိမ်အေးချမ်းမှု မရှိသေးတာတွေရဲ့ အဓိကအကြောင်းအရင်းက အချင်းချင်းစည်းလုံးညီညွတ်မှု အားနည်းလို့ဖြစ်တယ် ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ပြန်လည်တည်ဆောက်သွားကြမယ်ဆိုရင် သိပ်မကြာခင်မှာ တည်ငြိမ်အေးချမ်းမှုနဲ့အတူ မိမိတို့မျှော်မှန်းတဲ့ နိုင်ငံသစ်ကိုရောက်ရှိမှာ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို အလေးထားပြီး ဆက်လက်ဆောင်ရွက်သွားဖို့ အလေးထားမှာကြားလိုပါတယ်” ဟုလမ်းညွှန် မိန့်ကြားခဲ့ပါသည်။
ရွေးကောက်ခံအစိုးရသစ်၏ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင်ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ရက်ပေါင်း ၁၀၀ လုပ်ငန်းအစီအစဥ်များ၌ ငြိမ်းချမ်းရေးကိစ္စသည် ထိပ်တန်းက ပါဝင်ခဲ့သည်။ နိုင်ငံတော်သမ္မတကြီးက ရင်ထဲကခံစားချက်အတိုင်း “ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်” ဟုပြောကြားခဲ့သည်။ တစ်ဆက်တည်း PDF အဖွဲ့များနှင့်ပတ်သက်၍ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာစေရေး ဖိတ်ခေါ်ထားပြီး NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုလုပ်ထားသောအဖွဲ့များအားလည်း တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ရန် ဖိတ်ခေါ်ထားကြောင်း တွေ့ရှိရပါသည်။
နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသော ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ‌လေးနက်စွာ ဖိတ်ခေါ်ကြောင်း ကြေငြာချက်အား ဧပြီလ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရှိရပါ သည်။
အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ ဖိတ်ခေါ် ကြေငြာချက်တွင် “လေးနက်စွာဖိတ်ခေါ်အပ်ပါသည်” ဆိုသည့် ဝိသေသလက္ခဏာ ထူးထူးခြားခြား ပါဝင်နေပါသည်။ ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာ ပြင်းပြထက်သန်မှုကို ထင်ထင်ရှားရှား တွေ့မြင်နေရပါသည်။
ရလဒ်အဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံလာသော KIA ၊ AA ၊ PLA အဖွဲ့များမှအဖွဲ့ဝင်များ၊ PDF အမည်ခံအဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များသည် တရားဥပ‌ဒေဘောင် အတွင်း ထပ်မံဝင်ရောက်လာခဲ့ကြသည်။
မတူကွဲပြားမှုများအကြား ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအား တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ သည်းခံမှု၊ အပေးအယူရှိမှု၊ မျှတမှုများဖြင့် လက်တွဲဖြေရှင်းကြခြင်းသည် ငြိမ်းချမ်းသောလူ့ဘောင်သို့ ဦးတည်ခြင်းဖြစ်ပြီး ငြိမ်းချမ်းသော လူ့ဘောင်သည်သာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ ဦးတည် နိုင်မည်ဖြစ်သည်။
ရွေးကောက်ခံအစိုးရသစ်၏ စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် နွေးထွေးစွာလက်ကမ်းသော အဖွဲ့ပေါင်းများစွာရှိနေကြပါသည်။ ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် လည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ် မိုင်းလားနှင့် ပန်ဆန်းမြို့များသို့သွားရောက်၍ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ၏အဆင့်မြင့်ခေါင်းဆောင်များ၊ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ၏ အဆင့်မြင့်ခေါင်းဆောင်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကိုလည်းတွေ့ရပါသည်။ ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းရေး၏ အသီးအပွင့်ဖြစ်သည်။ ရယူခံစားမည်မှာလည်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသာဖြစ်သည်။ နှစ်ပေါင်း ၈၀ နီးပါးရှည်ကြာခဲ့လေသော လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဆီသို့ လျှောက်လှမ်းရန်သည်လည်း လက်ရှိမျိုးဆက်သစ်များ၏ သမိုင်းပေးတာဝန်တစ်ရပ်ဟုဆိုရပါမည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအား ပြည်မ‌ဒေသများနှင့် အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအား ဆောင်ကြဥ်းရန် မဟာဗျူဟာများချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို မတူညီသောဖွံ့ဖြိုးတိုးတက်မှု ခံစားရရှိနိုင်စေနိုင်ရန် ဟူသောအချက်သည်ပင်လျှင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သည်။ အနာဂတ်လူ့အဖွဲ့အစည်းအတွက် ဖွံ့ဖြိုးတိုးတက်မှုများအတွက် သားစဥ်မြေးမြစ်အားပေးခဲ့ရမည့် လက်ဆောင်မွန်များအတွက် ငြိမ်းချမ်းမှုမှသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဆီသို့ မမှိတ်မသုန်ချီတက်ကြပါမည်ဟု ယုံကြည်ရင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။
                                                                                                           ကလောင်အမည်    ၊    ဇော်လင်း
                                                                                                           အမည်                  ၊    ဦးဇော်လင်း
                                                                                                           ရာထူး                   ၊    ညွှန်ကြားရေးမှူးချုပ်

                                                                                                           ဌာန                      ၊    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ 

                                                                                                                                            ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန