ဖရူဆို အောက်တိုဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေကျပ် ၁၀ ဒဿမ ၉၉၀ သန်းဖြင့် ဒိုးလာစောကျေးရွာအုပ်စု ကူးခူ-ဒိုးလာစော ကျေးရွာချင်းဆက် မြေလမ်း(၈/၀)မိုင်အနက် ကျောက်လမ်း(၂/၀)မိုင်ပေါ်ရှိ တောင်ကမ်းပါးရံမြင့်၍ လမ်းပြိုကျသော နေရာများ၌ Step Bar ခံခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၆၆ ဒဿမ ၀၁၀ သန်းဖြင့် ဒိုးလာစောကျေးရွာအုပ်စု ကူးခူ-ဒိုးလာစော ကျေးရွာချင်းဆက်လမ်း (၈/၀)မိုင်အနက် (၃/၀)မိုင်အား တောင်ဖြိုလမ်းချဲ့ခြင်း မတ်စောက်မှု ဖြေလျော့ခြင်း မြေလမ်းချဲ့ခြင်း လမ်းဘေးရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်းနှင့် ပြုပြင်ခြင်း၊ အဆိုပါ လမ်းပေါ်တွင် အကျယ် ၁၂ ပေ ထု ၁၂ လက်မ အမာခံ လမ်းပုခုံး တစ်ဖက် ၄ ပေစီပါ ကျောက်လမ်း (၃/၀)မိုင်ခင်းခြင်းနှင့် ၎င်းလမ်းပေါ်တွင် လိုအပ်သော (၄x၄x၂၆)ပေ Box Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၉၇ ဒဿမ ၂၉၃ သန်းဖြင့် ရာဧပရား ကျေးရွာအုပ်စု၊ ရာဧပရား-ယိုစပရား-ခရို့ခိုကျေးရွာချင်းဆက်လမ်း (၈/၃)မိုင်ပေါ်ရှိ မြေပြိုသော နေရာ များတွင် Step Bar ခံခြင်း၊ မြေလမ်း ချဲ့ခြင်း ကျောက်တောင်မိုင်းခွဲခြင်းနှင့် အဆိုပါလမ်းပေါ်တွင် လိုအပ်သော (၄x၄x၂၆)ပေ Box Culvert (၆)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ခွင့်ပြုရန်ပုံငွေကျပ် ၆၉ ဒဿမ ၇၀၇ သန်းဖြင့် ဟိုယာကျေးရွာအုပ်စု ဟိုယာ-ရီခီးဘူး-ခါးဘယ်- ဘွယ်ဒိုးသာကျေးရွာချင်းဆက် လမ်း (၁၅/၀)မိုင်အနက် ကျန် ရီးခီးဘူးမှ ခါးဘယ်ကျေးရွာအထိ (၃/၇)မိုင် လမ်းတာချဲ့ခြင်း ကျောက်မိုင်း ခွဲခြင်း စသည့်လုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် နယ်စပ်ဒေသ ကျေးလက် ဒေသနေ ပြည်သူများ တစ်ရွာနှင့် တစ်ရွာ ရာသီမရွေးသွားလာနိုင်မည့်အပြင် လမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူလူထုတို့သည် ဖရူဆိုမြို့၊ ဒီးမော့ဆိုမြို့၊ လွိုင်ကော်မြို့နှင့် ဘောလခဲမြို့များသို့ အချိန်တိုအတွင်း လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်၍ ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသထွက်ကုန်များလည်း လွယ်ကူ လျင်မြန်စွာ ကူးသန်းရောင်းဝယ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။