ပခုက္ကူမြို့၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပခုက္ကူ ဇူလိုင် ၂၇
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(လူငယ်)များ စာဖတ်ရှိန် မြင့်မားလာစေရန်၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ ယနေ့နံနက် ၈နာရီခွဲအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။
   ရှေးဦးစွာ ပခုက္ကူခရိုင်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဦးစီးမှူးဦးဆန်းလင်းက အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စန်းယုမော် က စကားဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးဆောင် ဆွေးနွေးသူအဖြစ်ဆောင်ရွက်ရာ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းသား မောင်တင်ထွန်းက လူငယ်နှင့်ယဉ်ကျေးမှု၊ ကျောင်းသား မောင်မြင့်မြတ်ထွန်းက လူငယ်နှင့်ကျေးဇူးတရား၊ ကျောင်းသူ မသျှားအိန္ဒြာကျော်က လူငယ်နှင့် ဦးနှောက်ဖွံ့ဖြိုးရေး၊ ကျောင်းသူ မစန္ဒာစိုးက လူငယ်နှင့်ပျော်ရွှင်မှု၊ ကျောင်းသူ မအိန့်မြင့်မြတ်ခင်က လူငယ်နှင့်အချိန်၏တန်ဖိုး၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၈)မှ မခင်ငြိမ်းသူက ချစ်သမီးလေးချယ်ရီမေ၊ မနှင်းမျိုးလှဇော်က အမျိုးသမီးစွမ်းရည်၊ မခင်ချိုလွင်က မျှဝေလိုသောအတွေး၊ မယုယုနိုင်က အောင်မြင်မှုပန်းတိုင်၊ မချိုပြုံးက မေတ္တာရှင်မလေးပေါ်လီယာနာ ခေါင်းစဉ်တို့ဖြင့် အသီးသီးပါဝင် ဆွေးနွေးကြသည်။
    ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံတကာ အပါအဝင် မြန်မာနိုင်ငံစာရေးဆရာကြီးများ၏စာပေအဆိုအမိန့်များ အသိပညာပေး နံရံကပ်စာစောင် များတို့ ခင်းကျင်းပြသရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသူများက စိတ်ဝင်တစား ကြည့်ရှု့ လေ့လာကြကြောင်းသိရသည်။ 
 

Post Paragraph