အောက်တိုဘာ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၂၃၈၀.၉၀၉) သန်းဖြင့် မြေလမ်း (၆) မိုင်၊ ကျောက်လမ်း (၁၁) မိုင်၊ Box Culvert (၃၄) စင်း ၂၀'၊ ၃၀' ဘေလီတံတား (၃) စင်း ရေပြွန် (၈) ခု၊ ကွန်ကရစ်လမ်း (၃၉၈၀) ပေ၊ ကွန်ကရစ် ရေမြောင်း (၃၉၈၀) ပေနှင့် ဦးစီးဌာနတည်ဆောက်ရေးလုပ်ငန်း (၃) ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရပါသည်။
အဆိုပါ လုပ်ငန်းများအနက် မန်တုံ-ဟူတုံ-လွယ်ခမ်း-နမ့်ကျူး-နားအော်လေး (၂၅) မိုင်တွင် တောင်တက်အကွေ့နေရာများဖြစ်သော မိုင်တိုင် (၅) မိုင်မှ (၆/၄) မိုင်ကြားတွင် ၃၉၈၀ ပေရှိ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကျောက်ကြီးစီရေမြောင်း တည်ဆောက်ပေးခဲ့ခြင်းအတွက် နယ်စပ်ဒေသများရှိ တိုင်းရင်းသားညီအကိုမောင်နှမများအတွက် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှုများအား ခံစားရမည်ဖြစ်ကြောင်း သိရှိရပါသည်။