ပင်လုံမြို့၊ ကိုးနဝင်းစေတီတော်မြတ်ကြီးအနီးပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

ဧပြီလ ၁  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနီးရှိ ကိုးနဝင်းစေတီတော်မြတ်ကြီးနှင့် ပတ်ဝန်းကျင် ကျေးရွာ ၆ ရွာ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၈၇ ဒသမ ၂၈၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး နှင့် တာဝန်ရှိသူ များသည် ယနေ့ နေ့လည်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အဆိုပါကိုးနဝင်းစေတီတော်နှင့် အနီးပတ်ဝန်းကျင် (၆)ရွာဖြစ်သည့် နောင်ပန်ပိန်း၊ ကာဖီ၊ ကျူဗော်၊ ဟွေမုန်း၊ ဟွေဆန်းနှင့် ဟွေဟကျေးရွာများ မီးလင်းရေး စီမံကိန်းအား အပိုင်း ၃ ပိုင်းဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အပိုင်း ၃ ပိုင်းဖြင့်ဆောင်ရွက်ပေးလျက်ရှိရာ ပထမပိုင်းအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၂ သန်းဖြင့် ပင်လုံမြို့မှ ကိုးနဝင်းစေတီတော် အထိ လည်းကောင်း၊ ဒုတိယပိုင်းအနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၁၈၇ ဒသမ ၂၈၄ သန်းဖြင့် နောင်ပန်ပိန်း၊ ကာဖီနှင့် ကျူဗော်ကျေးရွာ ၃ ရွာသို့လည်းကောင်း၊ တတိယပိုင်းအနေဖြင့် နောင်ဘဏ္ဍာရေးနှစ်များတွင် ဟွေမုန်း၊ ဟွေဆန်းနှင့် ဟွေဟကျေးရွာ ၃ ရွာသို့ လည်းကောင်း လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။