နေပြည်တော်၊ အောက်တိုဘာလ ၃၀ ရက်
ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အထူးဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဧည့်သည်တော်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနကြီးမှူးများ၊ တွဲဖက် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုများတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဂုဏ်ပြုအမှာစကားပြော ကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်၍ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်စေရေးတို့အတွက် မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များချမှတ်၍ ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်မောင်မယ်များကို အဆင့်မြင့် ပညာရပ်များ အခမဲ့သင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့ကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါ ကြောင်း။
ဖွံ့ဖြိုးရေးတက္ကသိုလ်အား စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ ၁၅၆ ဦး၊ မဟာ ဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄,၅၈၆ ဦး၊ ဆရာအတတ်သင်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်သင် ၉၅၆ ဦး၊ မူလတန်းဆရာအတတ်သင် ၇,၁၆၂ ဦး၊ အထူးမူလတန်း ဆရာအတတ်သင် ၄၆၁ ဦး စုစုပေါင်း ဘွဲ့ရပညာတတ်တိုင်းရင်းသားလူငယ် ၁၄,၂၈၈ ဦး မွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းဆင်းမောင်တို့မယ်တို့အနေဖြင့် အမိတက္ကသိုလ်က လေ့ကျင့်သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များကို စဉ်ဆက်မပြတ် တိုးတက်မြင့်မားအောင် ကြိုးစားအားထုတ်၍ မိမိတို့သင်ကြားပြုစုပျိုး ထောင်ရမည့် ကျောင်းသားလူငယ်များအား ပြည်ထောင်စု စိတ်ဓာတ် အစဉ်ထာဝရကိန်းအောင်း ရှင်သန်နေ စေရေး၊ ခေတ်မီပညာရပ်များ တတ်မြောက်အောင် သာမက ဗဟုသုတ၊ အတွေးအခေါ်၊ အမြော်အမြင်များ မြင့်မားစေရေး၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ထူးချွန် ထက်မြက်သူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ဆရာဆိုသည်မှာ ပညာ ပေးဝေသူဖြစ်ပြီး ပညာရှာမှီးနေသူ လည်းဖြစ်ရန်လိုအပ်ပါကြောင်း၊ တပည့်များ၏အကျိုးကို အစဉ်ရှေး ရှုပြီး ကောင်းမွန်ရာကို လမ်းညွှန် သွန်သင်ပြသပေးနိုင်သည့် ဆရာကောင်းများကသာ အနာဂတ်ကာလများ၌ နိုင်ငံ့တာဝန်များကို ပုခုံး ပြောင်းထမ်းဆောင်ကြမည့် အရည်အသွေး၊ အရည်အချင်းပြည့်ဝသည့် လူသားအရင်း အမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။
သင်တန်းဆင်းမောင်တို့မယ်တို့အနေဖြင့် တာဝန်ကျရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ နိုင်ငံနဲ့ပြည်သူက အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စံပြထူးချွန်ဆု၊ ဆရာ အတတ်ပညာဘာသာထူးချွန်ဆု၊ စာပေဘာသာထူးချွန်ဆု (ဝိဇ္ဇာတွဲ)၊ စာပေဘာသာထူးချွန်ဆု (ဝိပ္ပံတွဲ) ဆုရ ကျောင်းသူများကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာပေ ဘာသာထူးချွန်ဆု (သိပ္ပံတွဲ)၊ တိုင်းရင်းသားဘာသာ၊ စာပေနှင့်ယဉ်ကျေးမှု ထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာ ထူးချွန်ဆုရကျောင်းသူများကိုလည်းကောင်း ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းပညာရေးမှူးတို့မှ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ ၂၀၇ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ သည် ဘွဲ့နှင်းသဘင် ဧည့်ခန်းမဆောင်၌ ထူးချွန်ဆုရရှိသူများနှင့် မိသားစုဝင်များကို တွေ့ဆုံ၍ ဂုဏ်ပြု အားပေးစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ခင်မင် ရင်းနှီးစွာနှုတ်ဆက်ခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျောင်းဝန်းအတွင်း ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးအတွက် မြန်မာပြည်မြေပုံအား ပြုပြင် မွမ်းမံဆောင်ရွက် နေမှုအခြေအနေများ၊ တက္ကသိုလ်အဝင်မုခ်ဦး သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ တက္ကသိုလ်အတွင်း မြစ်ရေတင်သုံးစွဲနိုင်ရေး ရေမြောင်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်မှုအခြေ အနေများ၊ အားကစားကွင်းနှင့် အားကစားခန်းမ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေ အနေများ၊ အသားစားကြက်၊ ဥစားကြက်၊ ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုအခြေ အနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်း မှာကြားခဲ့ပါသည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ကျောင်းသားကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး နိုင်ငံတော် ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်သော ဂုဏ်ပြုလက်ဆောင်များအားပေးအပ်၍ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ
video-upload