ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်းသား၊ သင်တန်းသူများ အတည်ပြုရွေးချယ်

နေပြည်တော် နိုဝင်ဘာ ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ(၁) ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်း၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၄ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အတည်ပြု ရွေးချယ်ခြင်း အခမ်းအနားသို့တက်ရောက်သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)တို့သို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နှင့်ကိုက်ညီသော တိုင်းရင်းသား၊ တိုင်းရင်းသူများကို လူတွေ့စစ်ဆေး အတည်ပြုရွေးချယ်ခဲ့သည်။
    ယခုပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက စိစစ်ရွေးချယ်ပေး သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ B.Ed ပညာရေးဘွဲ့ သင်တန်း အတွက် (၃၂၀)ဦး၊ ဝိဇ္ဇာ၊ သိပ္ပံ၊ A.G.T.I ဒီပလိုမာသင်တန်းအတွက် (၃၆၂)ဦးတို့ကို စိစစ် အတည်ပြုပြီးပါက B.Ed ပညာရေးဘွဲ့ ၅ နှစ်၊ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြား ပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဒီပလိုမာဘွဲ့များ အပ်နှင်းပေးကာ B.Ed ဘွဲ့ ရရှိသူများကို အထက်တန်းပြ ဆရာ၊ ဆရာမအဖြစ်လည်းကောင်း၊ ဝိဇ္ဇာ၊ သိပ္ပံ ၊ A.G.T.I ဒီပလိုမာ ရရှိသူများကို ဝန်ကြီးဌာနများတွင်အကြီးတန်းစာရေးနှင့် အဆင့်တူ ရာထူးနေရာများတွင် လည်းကောင်း နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး B.Ed သင်တန်းဆင်း (၁၄၀၅၈)ဦးနှင့် ဒီဂရိကောလိပ်ဆင်းနိုင်ငံ့ဝန်ထမ်း(၄၆၉၈)ဦး ခန့်အပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
    ထို့နောက် ဒုတိယဝန်ကြီးသည် ဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများကို ဘွဲ့နှင်းသဘင်ခန်းမတို့တွင် တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ ထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများနှင့် သင်တန်းသား၊ သင်တန်းသူများ အာဟာရပြည့်လုံလောက်စွာ စားသုံးနိုင်ရေး မွေးမြူရေးနှင့် စိုက်ပျိုးရေးဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကြောင်း သိရှိရပါသည်။