
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) တွင် မြန်မာ့ရိုးရာ(အခြေခံ၊အဆင့်မြင့်)သိုင်းပညာသင်တန်း အမှတ်စဥ်(၃) သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)ကျောင်းအုပ်ကြီးဦးစိုးကြည်က သင်တန်းဆင်းအမှာစကားပြောကြားပြီးခရိုင် အားကစား နှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအေးကိုကိုက အားကစားနှင့်လူငယ်ရေးရာ အသိပညာ ပေး ဟောပြောပြီး ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ထို့နောက်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ဆုရရှိကြသော သင်တန်းသား သင်တန်းသူ များအား ဆုများပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့သိုင်းစွမ်းရည်များ သရုပ်ပြသကြသည်။
အဆိုပါ မြန်မာ့ရိုးရာ (အခြေခံ၊အဆင့်မြင့်) သိုင်းပညာသင်တန်းကို ဇန်နဝါရီ ၂ ရက် မှ ၁၇ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ ၄၆၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။









