ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်

ဇူလိုင် ၂၃
    စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီး ဌာနတို့ပူးပေါင်း၍ သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)၌ ကျင်းပသည်။
    အခမ်းအနားတွင် ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ မဖြစ်ပေါ်မီ အခြေအနေတွင် ကြိုတင်ပြင်ဆင်မှုများ၊ ဖြစ်ပေါ်လာပါက အရေးပေါ် တုန့်ပြန်ကာကွယ် နိုင်မှုများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ကျား၊ မ ရေးရာ အခြေခံသဘောတရားများအကြောင်းအား ဟောပြောဆွေးနွေးခဲ့သည်။
    ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများက ငလျင်ဘေး အန္တရာယ်ဆိုင်ရာ သဏ္ဍန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    အခမ်းအနားကို ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်း(၁၈၅)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၁၂၉)ဦး စုစုပေါင်း (၁၃၁၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။    
 

Post Paragraph