
နေပြည်တော် ဧပြီ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ပြီး ၁၃.၄.၂၀၂၃ ရက်နေ့ (အကြိုနေ့)မှစတင်၍ ၁၇.၄.၂၀၂၃ ရက်နေ့ (နှစ်ဆန်းတစ်ရက်နေ့) အထိ တရားနာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ကျောင်းတွင်းရှိ သက်ကြီးရွယ်အိုများကို ကိုယ်လက်သန့်စင်ပေးခြင်း၊ လက်သည်း၊ ခြေသည်းညှပ်ပေးခြင်း၊ ဂါဝရပြုပစ္စည်းများဖြင့် စုပေါင်းကန်တော့ခြင်း၊ ရေကစား မဏ္ဍပ်တွင် သီဆိုကပြ ဖျော်ဖြေခြင်း၊ ရေကစားခြင်းနှင့် စတုဒီသာကျွေးမွေးခြင်းတို့ကို ရိုးရာမပျက် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီးက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျောင်းသူများ၏ သင်္ကြန်ယိမ်းအက၊ အလှအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ဖွင့်လှစ်သီဆို ကပြဖျော်ဖြေ၍ ပျော်ရွှင်စွာ ရေပက်ဖျန်းကစားကြသည်။
တစ်နှစ်တာကာလအတွင်း နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သည့် ပင်ပမ်းနွမ်းနယ်မှုများ ပပျောက်စေရန်၊ နှစ်သစ်တွင် တက်ကြွပျော်ရွှင်စွာ နိုင်ငံ့အကျိုး ဆတက်ထမ်းပိုး စွမ်းဆောင်နိုင်ကြစေရန် ရည်ရွယ်ကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

