
ရန်ကုန်၊ နိုဝင်ဘာလ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်သော လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၃၃၄ ဦးအား ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့တွင် အကြီးတန်းစာရေး ရာထူးများဖြင့် ခန့်အပ်တာဝန်ပေးခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၌ တာဝန် ထမ်းဆောင်မည့် အကြီးတန်းစာရေး ၆၄ ဦးအတွက် လုပ်ငန်းခွင်အကြို သင်တန်းအား ၆-၁၁-၂၀၂၃ ရက်နေ့မှ ၁-၁၂-၂၀၂၃ ရက်နေ့အထိ ရက်သတ္တပတ်၄ ပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လုပ်ငန်းခွင်အကြိုသင်တန်းသား၊သင်တန်းသူများအား နေရာ ချထားသည့် အိပ်ဆောင်များနှင့် စားရိပ်သာတို့အား စစ်ဆေးခဲ့ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ မိုခါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ သော အမှတ် (၄) မော်တော်ယာဉ်ဂိုထောင် ပြန်လည်ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ တက်ရောက်ရန် ရွေးချယ်ထားသည့် ကျောင်းသား၊ ကျောင်းသူသစ်များအား လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။



