
စစ်တွေ မေ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း၌ စစ်တွေမြို့ သန့်ရှင်းသာယာရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် မြန်မာနိုင်ငံရတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန် ရောက်ရှိနေကြသည့် ပရဟိတအဖွဲ့များကို တွေ့ဆုံအားပေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စစ်တွေမြို့ လမ်းမကြီးများ အပါအဝင် မြို့ပေါ် ရပ်ကွက် လမ်းများအား ပိတ်ဆို့မှုမရှိအောင် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ၊ လျှပ်စစ် ဓာတ်မီးတိုင်များ ပြန်လည်စိုက်ထူခြင်း၊ လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ အရေးကြီး အဆောက်အအုံများတွင် ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများကို မြန်ဆန်စွာ ပြီးစီးအောင် စနစ်တကျစုဖွဲ့၍ ဆောင်ရွက်သွားကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ မေယုလမ်း လမ်းမကြီးနှင့် လမ်းသွယ်များတွင် မုန်တိုင်းဒဏ်ကြောင့် လဲပြိုခဲ့သည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ရုံး အဆောက်အအုံများတွင် စုပေါင်းရှင်းလင်းခြင်းလုပ်ငန်းများနှင့် မြို့တွင်းလျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

