
မြစ်ကြီးနား ဇန်နဝါရီ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကချင်ပြည်နယ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနရုံးနှင့် သင်တန်းကျောင်းတို့မှဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ် ဖြစ်သည့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ဒေသနေတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့်မူဝါဒများနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးတည်ဆောက်ရမည် ဖြစ်ကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အစဉ်အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့်ရာသီသီးနှံ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာဝင်း အုတ်ခြံစည်းရိုးဆောင်ရွက်ထားရှိမှုနှင့် ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှု၊ ဝန်ထမ်းအိမ်ရာလိုင်းခန်းများအခြေအနေနှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှု များကိုလည်းကောင်း၊ အမှတ်(၂) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်း ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရာသီသီးနှံစိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ကျောင်းဝင်းအတွင်းတည်ဆောက်လျက်ရှိသည့် ခန်းမဆောင်ဆောက်လုပ်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများနှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။