ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာလ  ၂၆  ရက်

              နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းလွဲ           ၃ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

              ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ ရှိ တိုင်းရင်းသား ပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

              အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။        

Post Paragraph
video-upload