v
နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် “နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲ” အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းအား ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စပ်လျဉ်းပြီး စစ်တမ်းကောက်ယူခြင်းမှအစ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် အဆင့်အထိ လုပ်ငန်းအဆင့်ဆင့်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှ ချဉ်းကပ် ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အစားထိုးဖွံ့ဖြိုးရေး နည်းပညာများကိုလည်း နားလည်တတ်ကျွမ်းပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး နည်းပညာများဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရန်၊ အခြားဌာ/အဖွဲ့အစည်းများနှင့် ဆက်သွယ် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် အမှီသဟဲ ဖြစ်နေပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး အားကောင်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်ဖြစ်ထွန်းမှု အားကောင်းလာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ Myanmar Sustainable Development Plan – MSDP ကိုရေးဆွဲတဲ့ နေရာမှာ ကဏ္ဍ (၃) ရပ်ဖြစ်တဲ့ Peace and Stability (ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု)၊ Prosperity and Partnership (သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု)၊ People and Planet (ပြည်သူများနှင့်ကမ္ဘာမြေ) တို့ဖြင့် ရေးဆွဲထားရှိပြီး ဝန်ကြီးဌာနအသီးသီးရဲ့ အနာဂါတ်စီမံကိန်းတွေမှာ MSDP နှင့် ချိတ်ဆက် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိတာကို သတိပြု ဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်တန်းဆင်းဝန်ထမ်း အနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်အပြည့်နဲ့ မြင့်မားသော စိတ်ဓါတ်၊ မှန်ကန်သောခံယူချက်၊ မြဲမြံသော အကျင့်စာရိတ္တများကို လက်ကိုင်ပြုပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ ထမ်းရွက်သွားကြစေလိုပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာကဏ္ဍကနေ မိမိတို့ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့အတူ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုနှင့်အတူ ပေးအပ်တဲ့တာဝန်အပေါ် အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ကြ စေလိုပါကြောင်း စသည် အားဖြင့် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား တစ်ဦးချင်းစီအလိုက် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော သင်တန်း မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ အင်ဂျင်နီယာဌာနတွင် မြေကြီး၏ ခံနိုင်ဝန်အားနှင့် ဂုဏ်သတ္တိများအား သိရှိနိုင်ရန်နှင့် ကွန်ကရစ်စမ်းသပ်ခြင်းလုပ်ငန်းများကို ခေတ်မီစက်ကိရိယာများဖြင့် လက်တွေ့စမ်းသပ် ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် မြောက်လွှတ်ကုန်း ယာဉ်/ယန္တရားဂိုဒေါင်သို့ရောက်ရှိခဲ့ရာ တာဝန်ခံအရာရှိမှလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ် ခဲ့သည့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းခွင်များတွင် သုံးစွဲဆောင်ရွက်ခဲ့သည့် ယာဉ်/ ယန္တရားများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်များသို့ ထပ်မံစေလွှတ်သွားမည့် ယာဉ်/ယန္တရား များ၏ စနစ်တကျ စုဖွဲ့ထားရှိမှု၊ ကြံ့ခိုင်မှုအတွက် စမ်းသပ်မောင်းနှင်မှုများနှင့် ဘဏ္ဍာနှစ်အလိုက် တင်ဒါခေါ်ယူ၍ ဝယ်ယူထားရှိသည့် ထောက်ပံ့ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ရုံးအသုံးအဆောင် ပစ္စည်းများအား အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။