ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌဦးခွန်စံလွင်၊ ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နယ်စပ်ဒေသရှိတိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား (၂၉-၁၁-၂၀၁၇) ရက်နေ့မှ (၁-၁၂-၂၀၁၇) ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ရှေ့ဦးစွာပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပင်လောင်းမြို့နယ်၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နယ်စပ်ကျေးရွာချင်း ဆက် ကတ္တရာလမ်း လွယ်ပြား-နမ့်ပါ-ထာမော့ (၃) မိုင် ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာများနှင့် ဒေသခံပြည်သူများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် စေတနာထား ဆောင်ရွက်သွားကြရန်နှင့် ဒေသခံပြည်သူများကလည်း လမ်းကြံ့ခိုင်မှု ရေရှည် ကောင်းမွန် စေရေး အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ပါသည်။
     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးသည့် လည်ပင်းကြေးကွင်းစွပ်သည့် ရိုးရာအစဉ်အလာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသည့် ကယန်း (ပဒေါင်) တိုင်းရင်းသားများ အခြေချနေထိုင်ရာ ပန်ပက်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ (၁၆)ရွာအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြေပြင်အောက် ကျောက်လှိုင်ဂူပေ (၁၀၀) ခန့်အနက်ရှိ မြေအောက်ရေစီးချောင်းမှ မြေပေါ် ရေစုကန်သို့ စုပ်ယူ၍ အမြင့်တင်ရေတွန်းစက် (၂) ဆင့်ဖြင့် ကုန်းမြင့်ရေစုကန်များသို့ တွန်းတင်နိုင်ရန် တပ်ဆင်ခြင်းနှင့် စက်ရုံများ တည်ဆောက်ခြင်း၊ ရေဖြန့်ဝေပိုက်လိုင်း (၁၃) မိုင် (၅) ဖာလုံ သွယ်တန်းခြင်း၊ ပင်မရေစုကန်များနှင့် ကျေးရွာသုံး ရေဝေကန် (၃၈) လုံး တည်ဆောက်ခြင်း၊ ရေစုပ်/ရေတွန်းစက်များအတွက် ထရန်စဖော်မာ တပ်ဆင်ခြင်းနှင့် မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ကိုကြည့်ရှု စစ်ဆေးခဲ့ပြီး ကန်ပက်ကျေး ရွာအုပ်စု ကယား/ရှမ်းပြည်နယ်ချင်းဆက် ကတ္တရာလမ်း (၆/ဝ) မိုင်အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
     ခရီးစဉ်အတွင်းပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်လောင်း)၊ (လွိုင်ကော်)၊ (ဘောလခဲ) ကျောင်းများသို့ သွားရောက်၍ ကျောင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စားဖိုဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ပြည်ထောင်စုဝန်ကြီးမှ ကျောင်းအုပ်၊ နည်းပြများ၊ တိုင်းရင်းသားကျောင်းသူ/ကျောင်းသားများအား တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ရာနှုန်းပြည့် အထောက်အပံ့ဖြင့် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးနေမှုအပေါ် သိရှိနားလည်ပြီး နောင်အနာဂတ်တွင် မိမိဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကိုယ်တိုင်ပါဝင် ထမ်းဆောင်နိုင်မည့် နိုင်ငံသားကောင်း၊ သမီးကောင်း များဖြစ်အောင် ပညာကို ကြိုးစားလေ့လာသင်ယူ သွားကြရန်နှင့် ကျောင်းအုပ်၊ နည်းပြများကလည်း ကျောင်းပညာရပ်များအပြင် စည်းကမ်းစနစ်တကျရှိစေရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ရေး၊ စာပေဗဟုသုတ ဖတ်မှတ်လေ့လာရေး၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပြုမှုနေထိုင် ဆောင်ရွက်တတ်ရေး၊ မိမိတိုင်းပြည်၊ ဒေသကိုချစ်မြတ်နိုးတဲ့ စိတ်ခံယူချက်၊ ယုံကြည်ချက် မှန်ကန်ကောင်းမွန်စေရေး၊ လိမ္မာယဉ်ကျေးသော နိုင်ငံသားကောင်း ရတနာဖြင့်အောင် လေ့ကျင့်ပျိုး ထောင်သွားကြရန် မှာကြားခဲ့ပြီးထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
     အလားတူပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (လွိုင်ကော်) သို့ သွားရောက်ခဲ့ပြီး ကျောင်းအုပ်မှ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းသူများအားတွေ့ဆုံ၍ ဒေသခံပြည်သူများ ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးထားသော အခြေခံစက်ချုပ် သင်တန်းတက်ရောက်ပြီး အဆင့်မြင့်စက်ချုပ် သင်တန်းများ ကို ဆက်လက်တက်ရောက်၍ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်သလို အထည်ချုပ်စက်ရုံများ၊ ကုမ္ပဏီများတွင်လည်း ကျွမ်းကျင်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင် သဖြင့် သင်တန်းမှ သင်ကြားတတ်မြောက်သော ပညာရပ်များဖြင့် မိမိဘဝရပ်တည်ခိုင်မာစွာ လျှောက်လှမ်းနိုင် ရေးအတွက် ကြိုးစားလေ့လာသင်ယူသွားကြရန် မှာကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများ၊ အဝတ်အထည်များ ချုပ်လုပ်ထား ရှိမှုများနှင့် သင်တန်းကျောင်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လွိုင်ကော်) သို့ သွားရောက်ခဲ့ရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့မှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပြီး ဖယ်ခုံမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ့်စဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများနှင့် ဘောလခဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ ရုံးတည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
     ထို့နောက် မယ်စဲ့မြို့နယ်၊ ဟိုစဲ့မြို့သစ်အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက် ထားရှိသည့် ကတ္တရာလမ်း၊ ကျောက်လမ်းနှင့် သံကူကွန်ကရစ်တံတားများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီးနယ်စပ်ဒေသများ၌ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး ဝေးလံခေါင်းပါးသည့် ဒေသခံတိုင်းရင်းသား လူမျိုးများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့်လမ်းပန်း ဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာတည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် လျော်ညီသော၊ အရည်အသွေး အဆင့်အတန်းပြည့်မီသော တည်ဆောက်ရေး လုပ်ငန်းများ ဖြစ်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဖြည့်ဆည်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကာ မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးဝါးကုသခံယူ နေကြသော ဒေသခံတိုင်းရင်းသားများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဆေးရုံ၏ လိုအပ်ချက်များအား ထောက်ပံ့ဆောင်ရွက်ပေးခဲ့ပြီး မယ်စဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက် များအပေါ် ဖြည့်ဆည်းညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်းသတင်းရရှိပါသည်။

 

Post Paragraph