ညောင်ဦး မေ ၁၀
ပူပြင်းခြောက်သွေ့သောရာသီတွင် ပြည်သူများ ရေပြတ်လပ်မှုမရှိစေရေးအတွက် ကမ္ဘောဇဘဏ်က စက်ရေတွင်းများ ဆက်လက်တူးဖော်လှူဒါန်းလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် မန်ကျည်းစောက်ကျေးရွာ တွင် တူးဖော်လျက်ရှိသည့် စက်ရေတွင်းမှာ မေ ၉ ရက်က တူးဖော်အောင်မြင်ခဲ့သည်။
၂၇၂ တွင်းမြောက်
အဆိုပါစက်ရေတွင်းကို ကမ္ဘောဇဘဏ်က အင်္ဂလန် နိုင်ငံထုတ် အမှတ် (၂) Dando Heavy-duty ရေတွင်းတူး စက်ကြီးဖြင့် ဧပြီ ၂၈ ရက်တွင် စတင်တူးဖော်ခဲ့ပြီး အနက် ပေ ၇၄၀ တွင် တစ်နာရီဂါလန် ၃၀၀၀ ဖြင့် ရေအောင်ခဲ့ခြင်း ဖြစ်သည်။ ပူပြင်းခြောက်သွေ့သော ညောင်ဦးခရိုင် မန်ကျည်းစောက်ကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၉၀၀ ကျော်နေထိုင်ကြကြောင်း သိရသည်။ ယခုစက်ရေတွင်းသည် ကမ္ဘောဇဘဏ်က နိုင်ငံတစ်ဝန်း တွင် ပြည်သူများအတွက် တူးဖော်လှူဒါန်းလျက်ရှိသော တွင်းများအနက် ၂၇၂ တွင်းမြောက် ဖြစ်သည်။
ထို့အတူ ဧပြီလအတွင်း ချင်းပြည်နယ် ဟားခါးမြို့တွင် စက်ရေတွင်းပေါင်း သုံးတွင်းကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့ရှိ အခြေခံကျန်းမာရေးတက္ကသိုလ်တွင် လည်းကောင်း အောင်မြင်စွာ တူးဖော်လှူဒါန်းခဲ့သည်။ ယခုအခါ ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် ဆက်လက်တူးဖော်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ဆက်လက်တူးဖော်သွား မည်ဖြစ်သည်။