
ပူတာအို၊ ဩဂုတ်လ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လတ်နှင့်အတူ ကချင် ပြည်နယ်နှင့် ပူတာအိုခရိုင်မှ တာဝန်ရှိသူများလိုက်ပါလျက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့် နောင်မွန်မြို့ ရေပေးဝေရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မဂွေဇ-ခေါင်လန်ဖူး လမ်းပိုင်း ၆၅/၄ မိုင်တွင် မိုးရွာသွန်းမှုကြောင့် မြေပြို၍ လမ်းပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ ခေါင်လန်ဖူးမြို့ သာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ်လ ၂၃ ရက်နေ့ နောင်မွန်မြို့နယ်သို့ ရောက်ရှိခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နောင်မွန်မြို့ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ်လ ၂၄ ရက်နေ့တွင် နောင်မွန်မြို့ရှိ နမ်ပန်ဒမ်းလူကူးကြိုးတံတား ၂ စင်း၏ ဆက်သွယ်သွားလာမှုအခြေအနေ၊ နောင်မွန်မြို့ ရေပေးဝေရေးအတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရေတားတမံ၊ ဂါလံ ၆,၀၀၀ ဆံ့ နှင့် ၃,၀၀၀ ဆံ့ ရေစုကန်များ တည်ဆောက်ထားရှိမှု၊ ရေပိုက်လိုင်း ၁/၀ မိုင် သွယ်တန်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ဒေသခံများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက် ပေးကြရန် မှာကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ်လ ၂၅ ရက်နေ့တွင် မဂွေဇ-ခေါင်လန်ဖူး ၆၅/၄ မိုင် လမ်းပိုင်း တစ်လျှောက် လမ်းပိုင်းပျက်စီးမှုမရှိစေရေး မြေထိန်းနံရံနှင့် ကျောက်စီရေမြောင်း တည်ဆောက်မည့် နေရာများ၊ မိုးသည်းထန်မှုကြောင့် လမ်းဘေးမြေသား ပြိုကျနိုင်သည့် နေရာများအား စစ်ဆေး ကြည့်ရှုကာ ယန္တရားများ အသင့်ထားရှိပြီး အချိန်နှင့် တပြေးညီ ဖယ်ရှား၍ ခေါင်လန်ဖူးဒေသသို့ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ဩဂုတ်လ ၂၆ ရက်နေ့တွင် ခေါင်လန်ဖူး- ဆရမ်ဖာလမ်း ၁၂/၄ မိုင်မှ ၄/၀ မိုင် ဖောက်လုပ် ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဖောက်လုပ်မည့် မြေလမ်း ၂/၀ မိုင်၏ အခြေအနေနှင့် ခေါင်လန်ဖူးမြို့၊ မြို့မဈေး သန့်ရှင်းသာယာလှပရေး၊ မြို့စိမ်းလန်း စိုပြေစေရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ တိုးချဲ့မြို့ကွက်သစ် ဖော်ထုတ်ပြီးစီးမှုနှင့် ၎င်းတွင်နေရာချထားမည့် ဒေသခံများနှင့်တွေ့ဆုံပြီး စနစ်တကျ နေရာချထားမည့် အခြေအနေ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးကာ ဒေသခံများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။