အောက်တိုဘာ ၁၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် မဟာဖားဘောင် လိုဏ်ဂူတော်ကြီးသည် ရာသီမရွေး ဘုရားဖူးဧည့်သည်များ အများအပြား လာရောက်ဖူးမြော်ကြသည့် အထင်ကရနေရာ တစ်ခုဖြစ်ပြီးယင်းဒေသရှိ ဒေသခံပြည်သူများနှင့် ဘုရားဖူးဧည့်သည်များ သွားလာရေးအဆင်ပြေစေရန်အတွက် ကျိုက်မရောမြို့နယ်၊ တရနာ-ဘုရားကုန်းလမ်းမကြီးမှ မဟာဖားဘောင်လိုဏ်ဂူတော်အထိ တစ်မိုင် နှစ်ဖာလုံ မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် ကွန်ကရစ်တံတားသုံးစင်း၊ ကွန်ကရစ်ရေပြွန်ငါးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၀၇ ဒသမ ၄၆၈ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆိုပါ ရှေးဟောင်းသမိုင်းဝင် မဟာဖားဘောင်လိုဏ်ဂူတော် အဝင်လမ်း အရှည် တစ်မိုင်နှစ်ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။