ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော် ဇွန်လ ၇ ရက်
    ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ဒုတိယဥက္ကဋ္ဌ(၁)အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင် များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပါသည်။ 
    ရှေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ်လက်ခံ‌ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ပြန်လည်နေရာချထားပြီးနောက် ပြန်လည်ဝင်ရောက် လာသူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များအားလည်းကောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီက ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် စီမံချက်ပါ လုပ်ငန်းများအပေါ် ထိရောက်အကျိုးရှိသည့် အကြံပြုချက်များ ရရှိနိုင်ရေးအတွက် လည်းကောင်း ဝိုင်းဝန်း သုံးသပ်ဆွေးနွေးကြစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရေးဆွဲထားသည့် စီမံချက်များနှင့်အညီ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုပ်ငန်းကော်မတီများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့အနေဖြင့် စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်း၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ထိရောက် လျင်မြန်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။
    ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ် လက်ခံ‌ရေးနှင့် ပြန်လည်နေရာချထားရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြန်လည် ဝင်ရောက်လာသူများအား လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည် နေရာချထားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
    ဆက်လက်၍ လုံခြုံ‌ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကုလသမဂ္ဂနှင့်  နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး၊ ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာ ချထားရေး ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် အသီးသီး ရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။
    ထို့နောက် တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်‌ပေးခဲ့ကြပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။
 

Post Paragraph
video-upload