
ဒီဇင်ဘာလ ၂၁ ရက်
ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့ကြပြီး ပြည်နယ်အစိုးရ ဧည့်ရိပ်သာတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကျောက်တစ်လုံး IDP စခန်းဖွင့်လှစ် ထားရှိမှုအခြေအနေ၊ ပြောင်းရွှေ့ဆောက်လုပ်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။ ၄င်းနောက် ပြောင်းရွှေ့ နေရာချထားမည့်မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ဌာနဆိုင်ရာများ၏ တင်ပြချက်၊ စခန်း နေသူများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး စခန်းနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကျောက်ဖြူမြို့မှ အမ်းမြို့သို့ ထွက်ခွါ ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အမ်းမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဝန်ထမ်းများ၊ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြား၍ သင်တန်းကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အမ်းမြို့ရှိ မိုးလုံလေလုံအားကစားခန်းမတွင် တိုက်ပွဲရှောင်စခန်းနေ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ အမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယာယီခိုလှုံရာစခန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးများက လတ်တလော ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား အသေးစိတ် ရှင်းလင်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့မှ အမှာစကား အသီးသီးပြောကြားခဲ့ပြီး ယာယီခိုလှုံရာစခန်း ၃ ခု၊ စုရပ် ၄ ခုရှိ စုစုပေါင်းအိမ်ထောင်စု ၆၈၉ စု၊ လူဦးရေ ၃၁၉၈ ဦးတို့အတွက် ၁ လစာ ထောက်ပံ့ဆန် ၉၉၉ အိတ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မိုးလုံလေလုံ အားကစားခန်းမ အနီး နှင့် ပဲပဒုံ တိုက်ပွဲရှောင်စခန်းနေ ပြည်သူများအား သွားရောက်တွေ့ဆုံခဲ့ပြီး မိမိနေရပ်သို့ အမြန်ဆုံး ပြန်လည်အခြေချနိုင်ရေးအတွက် လိုအပ်ချက်ရှိသည်များကို အကောင်းဆုံး ထောက်ပံ့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အမ်းမြို့နယ်၊ အမ်းတောင်ကျေးရွာ အုပ်စုရှိ တိုက်ပွဲရှောင်စခန်း တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လက်ရှိတည်ဆောက်ထားရှိမှုအခြေအနေနှင့်စပ်လျဉ်း၍ ဆက်လက်စီမံဆောင် ရွက်သွားရန် လိုအပ်ချက်များအား မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အမ်းမြို့မှ တောင်ကုတ်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပြီး တောင်ကုတ်မြို့ရှိ ရွှေမေတ္တာဘိုးဘွားရိပ်သာနှင့် မဟော်သဓာ အခမဲ့ကိုယ်ပိုင် အထက်တန်းကျောင်းများသို့ သွားရောက်၍ အဘိုးအဘွား ၄၁ ဦးအတွက် လှူဒါန်းငွေများ၊ ကျောင်းသူ/ကျောင်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး သံတွဲမြို့သို့ ဆက်လက် ထွက်ခွာခဲ့ပါသည်။ သံတွဲမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရွှေဆံတော် စေတီရင်ပြင်ပေါ်၌ ဓမ္မာရုံသစ် တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆရာတော် အားလှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒန်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ဒီဇင်ဘာလ၂၁ ရက်နေ့ နံနက်ပိုင်းတွင် သံတွဲမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေး ဆိုင်ရာအမျိုးသားအဆင့်ကော်မတီများအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ပါသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလမှ ယနေ့အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်စခန်းနေ တိုင်းရင်းသားအိမ်ထောင်စု ၃၈၅၈ စု၊ လူဦးရေ ၁၆၇၁၇ ဦးတို့အား မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာများအတွက် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

