ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ လိုက်ပါသည့်အဖွဲ့ ရခိုင်ပြည်နယ်သို့ ကွင်းဆင်းစစ်ဆေး

ဖေဖော်ဝါရီလ ၅ ရက်
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂)  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ လိုက်ပါ၍ ICJ ဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနေရာချထားရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ မူလနေရပ်သို့ ပြန်လည်နေရာချ ထားရေးနှင့် ယာယီစခန်းများ ပိတ်သိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ကွင်းဆင်းစစ်ဆေးရန် ဖေဖော်ဝါရီလ ၅ ရက်နေ့  နံနက်ပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ပါသည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် စစ်တွေမြို့၊  ကုလားတန်ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေးစီမံကိန်းရုံးသို့ သွားရောက်၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များအား သွားရောက် ကြည့်ရှုလေ့လာခဲ့ရာ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ် မစ္စတာဘိုက်ဘီကနန်ဒါ နှင့် ကောင်စစ်ဝန် မစ္စတာဂျေကရစ်ရှ်နာ တို့မှ ကြိုဆိုခဲ့ကြပြီး စီမံကိန်းတာဝန်ခံ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပြည်နယ်ဦးစီးမှူး ဦးနေဦး က စစ်တွေဆိပ်ကမ်းတွင် သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ စစ်တွေ မြို့ မှ ပလက်ဝမြို့အထိ ရေကြောင်းခရီးဖြင့်လည်းကောင်း၊ ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သို့ ကုန်းလမ်းခရီးဖြင့်လည်းကောင်း၊ ကုန်ပစ္စည်းများ ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပလက်ဝဆိပ်ကမ်း တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ စီမံကိန်းပြီးစီးပါက နှစ်နိုင်ငံ ကုန်သွယ်မှုများစွာ တိုးတက်ကောင်းမွန်လာမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ပြီး စီမံကိန်းဧရိယာနှင့် ဆိပ်ခံတံတားတို့အား လေ့လာကြည့်ရှုခဲ့ပါသည်။ 
    နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice – ICJ) ၌ တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်အတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ICJ ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း သည့်ညှိနှိုင်း အစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပြီး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားရှိသည့် အချက်များ အား အချေလွှာ (Counter Memorial) တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ဝိုင်းဝန်းသုံးသပ်ပေါင်းစပ်  ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။
    ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် စစ်တွေမြို့၊ ဝေသာလီ အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အကြို ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲ ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက် ဖွင့်လှစ် ပေးခဲ့ပြီး ပြပွဲ၌ ခင်းကျင်းပြသလျက်ရှိသည့် ဒေသထွက်ကုန်ပစ္စည်း အရောင်းဆိုင်ခန်းများကို လှည့်လည် ကြည့်ရှုအားပေးကာ ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များကို လုပ်ငန်း ရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းဆွေးနွေး၍ ဖွင့်ပွဲ၌ ရခိုင်ရိုးရာ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည့် စစ်တွေ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူလေးများအား ပြည်ထောင်စုဝန်ကြီး များက ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့၊ အမှတ် (၄) အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ၁၂ နှစ်အထက်များအား ထပ်ဆောင်းကာကွယ်ဆေး ထိုးပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေး၍ ကျောင်းသား၊ ကျောင်းသူ လေး များအား ကျောင်းသုံးစာရေးကိရိယာ၊ ဖြည့်စွက် အာဟာရနှင့် မုန့်များ ပေးအပ်ခဲ့ကြပြီး၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လိုအပ်သည် များကို မှာကြားပံ့ပိုးပေးခဲ့ပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန က ဖွင့်လှစ်ထားရှိသည့် စစ်တွေမြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး သင်တန်းကျောင်းတွင် အခြေခံ နှင့်အဆင့်မြင့် စက်ချုပ်အတတ်ပညာဖြင့် လူမှုဘဝရပ်တည်နိုင်ရေးအတွက် တက်ရောက် သင်ကြားလျက် ရှိသည့် တိုင်းရင်းသားနှင့် ဘင်္ဂါလီသင်တန်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများ ပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
    နေ့လည်ပိုင်း၌ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ ICJ ဆိုင်ရာကိစ္စများ နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အသေးစိတ် ညှိနှိုင်း ဆွေးနွေးကာ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တာဝန်ရှိသူများအား ရှင်းလင်းမှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload