ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကျင်းပပြုလုပ်

ဒီဇင်ဘာလ  ၂၇ ရက်
    ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း များ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင် များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်‌ရောက်ပါသည်။     
    ရှေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများအတွက် မိမိတို့ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ အပါအဝင် လုပ်ငန်းကော်မတီ ၄ ခု၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အပြီးသတ် ဆောင်ရွက်နိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကောင်းမွန်ထိရောက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆောင်ရွက်ရေးနှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ဘဝ လုံခြုံရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ပါ ကြောင်း၊ ယနေ့ ညှိနှိုင်းအစည်းအဝေးမှ ရရှိလာသည့် ကောင်းမွန်သည့် သုံးသပ်အကြံပြုချက် များအပေါ် အခြေခံ၍ အကျိုးရှိ ထိရောက်သည့် ဆုံးဖြတ်ချက်များကို တစ်ပါတည်း ချမှတ်သွား မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီများအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရေးဆွဲထားသည့် စီမံချက်များနှင့်အညီ အောင်မြင် အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
    ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ရခိုင်ပြည်နယ်တည်ငြိမ်‌ အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည် စိစစ် လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ပြန်လည်ဝင်ရောက်လာသူများ အား လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြ ပါသည်။
    ဆက်လက်၍ လူဦးရေစိစစ်မှုကဏ္ဍ၊ ပြန်လည်လက်ခံရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ ကဏ္ဍ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုကဏ္ဍ၊ လူမှုစီးပွား ဖွံ့ဖြိုးရေး ကဏ္ဍ၊ လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ (HARWC) ၏ ရန်ပုံငွေ ရှင်းလင်းမှုကဏ္ဍ၊ လုံခြုံရေးကဏ္ဍများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများက ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်း တင်ပြကြပြီး အစည်းအဝေး သို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြပါသည်။
    ထို့နောက် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌများက တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါ သည်။
 

video-upload