စစ်တွေ၊ ဖေဖော်ဝါရီလ ၂၁ ရက်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ်စု မန်ကျဉ်းချောင်ကျေးရွာ၌ တောင်သူ ဒေါ်တင်မေ၏ မြေပဲမျိုးစေ့ထုတ်စိုက်ခင်း ငါးဧက ဖြစ်ထွန်း အောင်မြင်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးက သံတွဲမြို့နယ်အတွင်း မိုးသီနှံနှင့် ဆောင်းသီးနှံစိုက်ပျိုးမှုကို ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများအနေဖြင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာ၌ တောင်သူသုံးဦး၏ နေကြာစံပြကွက် ၁၀ ဧက နှင့်မြေပဲများ စိုက်ပျိုးအောင်မြင်နေမှုကို သွားရောက် ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တောင်ကုတ်မြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိူးဆောင်ရွက်ခဲ့မှု၊ မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေကြာစံပြကွက် စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကင်းတောင်ကျေးရွာရှိ သိဒ္ဓိအောင် မြေပဲဆီကြိတ်စက်နှင့် ဆန်စက်တို့တွင် မြေပဲတောင့်များ သိုလှောင်ထားရှိမှု၊ မြေပဲဆီ ကြိတ်ထုတ်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးချောင်းထိုးကျေးရွာ မီးချောင်းထိုးကွင်း၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်ဇော်မြင့်၏ ဥစားကြက် (CP) ၇၀၀၀ မွေးမြူထားရှိမှုကို သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်တက္ကသိုလ် မိုးလုံလေလုံ ဘက်စုံသုံးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ တက္ကသိုလ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့ ကိုင်းရှည်တံတား အကြီးစား ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။ တွေ့ဆုံပွဲတွင် တောင်ကုတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး မြို့မိ မြို့ဖများနှင့် MSME လုပ်ငန်းရှင်များက ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ စားရေ ရိက္ခာဖူလုံရေးအတွက် အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ထက် ပိုမိုပြီး ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုခရီးစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ဆောင်ရန် လာရောက်ခြင်းဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော တောင်ကုတ်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
video-upload