ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ထောက်ပံ့ပစ္စည်းများပေးအပ်

တောင်ကြီး  ဇန်နဝါရီ ၁၃
        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊   နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်ရှိ ဘုရားကျိန်း ကျောင်းတွင် ခိုလှုံနေကြသော ယာယီနေရပ်စွန့်ခွာ သူများအား သွားရောက်တွေ့ဆုံ၍   ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
   တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့သော Smart အထည်ချုပ်စက်ရုံမှ ထုတ်လုပ်သည့် ကျား၊ မ အင်္ကျီများနှင့် ကိုယ်တိုက်ဆပ်ပြာများကို လည်းကောင်း၊  အသက် ၇၀  နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ငါးနှစ်အောက် ကလေးများအတွက် လူမှုရေး ထောက်ပံ့ငွေများကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများကို လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ လူဦးရေအလိုက်၊ အိမ်ထောင်စုအလိုက် ထောက်ပံ့သည့် ထောက်ပံ့ငွေ များကို လည်းကောင်း ထောက်ပံ့ပေးအပ်ကြပြီး ယာယီနေရပ်စွန့်ခွာသူများ၏ တင်ပြချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ရွှေမြို့ ရန်ကုန် ဘုန်းကြီးကျောင်းရှိ သံဃာတော်များအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ယာယီခိုလှုံရာ စခန်းတွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ ထောက်ပံ့သော အဝတ်အထည်များ၊ ကိုယ်တိုက်ဆပ်ပြာများ၊ လူမှုရေးထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်ရွှေမြို့ မဟာရန်အောင် ဘုရားတွင် ဖွင့်လှစ်ထားသည့် ခိုလှုံရာစခန်းတွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ် စွန့်ခွာသူများအား ဝန်ကြီးဌာနအလိုက် အကူအညီအထောက်အပံ့များ ထောက်ပံ့ပေးအပ်ပြီး နေရပ်စွန့်ခွာသူများကို နွေးထွေးရင်းနှီးစွာ တွေ့ဆုံ၍    အားပေးစကား ပြောကြားသည်။    
   ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောမြို့နယ်အတွင်းရှိ  ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၆၇ စု၊ လူဦးရေ ၂၂၁၈ ဦး၊ ညောင်ရွှေမြို့နယ်အတွင်းရှိ  နေရပ်စွန့်ခွာ အိမ်ထောင်စု ၄၄၄၀ ၊ လူဦးရေ ၁၇၄၀၁ဦး၊ ဖယ်ခုံမြို့နယ်ရှိ အိမ်ထောင်စု ၁၄၁၈ စု၊ လူဦးရေ ၂၂၂၇ ဦး စုစုပေါင်း အိမ်ထောင်စု ၅၂၄၂ စု၊   လူဦးရေ  ၂၁၈၄၆ ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ငွေကျပ် ၂၈၆၁၈၂၆၀၀ တန်ဖိုးရှိ Smart ရှပ်အင်္ကျီ ၂၁၈၄၆ ထည်နှင့် ဆပ်ပြာ၂၁၈၄၆ ခဲ၊ ထိခိုက်လွယ်လူဦးရေ ၂၅၆၆ဦးအတွက် လူမှုထောက်ပံ့ကြေးငွေကျပ် ၇၆၉၈၀၀၀၀ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု   ၅၂၄၂ စု၊  လူဦးရေ  ၂၁၈၄၆ဦးအတွက်   ငွေကျပ်  ၁၅၅၈၁၈၄၅၀ တန်ဖိုးရှိ   ဆန်၊   ဆီ၊   ဆား၊   ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း ၃၀ စုစုပေါင်း ထောက်ပံ့မှု တန်ဖိုးငွေကျပ် ၅၂၂၀ သိန်းခန့် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။  

video-upload