ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် တောင်ကြီးခရိုင် အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်

တောင်ကြီး  ဇန်နဝါရီ  ၁၂
        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့နှင့် အတူ ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့ သာသနာ့ဗိမာန်ရှိ ယာယီနေရပ်စွန့်ခွာသူများကို    ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
   ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သော Smart အထည်ချုပ်စက်ရုံမှ ထုတ်လုပ်သည့် ကျား/မ အင်္ကျီများ၊ ကိုယ်တိုက် ဆပ်ပြာများ၊ အသက် ၇၀ နှစ်နှင့် အထက်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်   အသက်ငါးနှစ်အောက် ကလေးများအား လူမှုရေး အထောက်အပံ့အဖြစ် ထောက်ပံ့ငွေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥတို့ကို လူဦးရေအလိုက်၊ အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ် ကြပြီး  ယာယီနေရပ်စွန့်ခွာသူများထဲမှ အငြိမ်းစားဝန်ထမ်းများ အငြိမ်းစားလစာ ထုတ်ယူနိုင်ရေး၊ ဆေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်များ၊ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဆက်လက် ပညာသင်ကြားရေး၊ ပညာသင်ထောက်ပံ့ကြေးများ   ပေးအပ်နိုင်ရေးတို့အတွက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ညှိနှိုင်းဆောင်ရွက်ပေးသည်။
   ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ဟိုပုံးမြို့ လုမ္မနီဘုန်းတော်ကြီးကျောင်းနှင့် တောင်ကြီးမြို့ တောင်ကျောင်းကြီး ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ပြီး ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကန်တော့ကာ ယာယီနေရပ် စွန့်ခွာသူများအား အဝတ်အထည်၊ ကိုယ်တိုက်ဆပ်ပြာ၊ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သူများအတွက် လူမှုရေး အထောက်အပံ့ငွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥတို့ကို လူဦးရေအလိုက်၊ အိမ်ထောင်စုအလိုက် ပေးအပ် ထောက်ပံ့ပြီး ယာယီနေရပ်စွန့်ခွာသူများကို နွေးထွေးရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြားသည်။
   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် တောင်ကြီးမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ သွားရောက်၍ အဝတ်အထည်၊ ဆပ်ပြာ၊  ထောက်ပံ့ငွေ၊ စားနပ်ရိက္ခာများကို ထောက်ပံ့ပြီး ယာယီနေရပ်စွန့်ခွာသူများကို အားပေးစကားများ ပြောကြားကြသည်။
   ယာယီနေရပ်စွန့်ခွာသူများအတွက် ထောက်ပံ့မှုများအနေဖြင့် ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊  ပင်လောင်းမြို့နယ်တို့မှ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၂၉၆၆ စုရှိ လူဦးရေ ၁၁၄၅၀ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဝတ်အထည်နှင့်ဆပ်ပြာ တန်ဖိုးငွေကျပ်သိန်း ၁၅၀၀ ခန့်၊ လူမှုရေးထောက်ပံ့ငွေ လူဦးရေ ၁၂၆၁ ဦးအတွက် ငွေကျပ် ၃၇၈ သိန်းကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့် စားနပ်ရိက္ခာ ထောက်ပံ့မှု ငွေကျပ် ၈၈၁ သိန်းကျော်တို့ကိုထောက်ပံ့ခဲ့ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ထောက်ပံ့မှု စုစုပေါင်း ငွေကျပ် ၂၇၅၉ သိန်းဖြစ်သည်။
   တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နယ်၊ ရွှေညောင်မြို့နယ်၊ ကျောက်တစ်လုံးကြီး မြို့နယ်၊ ရပ်စောက်မြို့နယ်အတွင်းမှ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၃၂၅ စုမှ လူဦးရေ ၅၀၇၃ ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အဝတ်အထည်နှင့် ဆပ်ပြာ တန်ဖိုးငွေကျပ် ၆၆၄ ဒသမ ၅ သိန်းခန့်၊ လူမှုရေးထောက်ပံ့ငွေမှာ လူဦးရေ ၅၅၄ ဦးအတွက် ငွေကျပ် ၁၆၆ ဒသမ ၂ သိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့် စားနပ်ရိက္ခာထောက်ပံ့မှု ငွေကျပ် ၃၉၃ သိန်းကျော်တို့ကို ထောက်ပံ့ခဲ့ရာ တောင်ကြီးခရိုင်အတွက် ထောက်ပံ့မှု စုစုပေါင်းငွေကျပ် ၁၂၂၃ ဒသမ ၇ သိန်းဖြစ်သည့်အတွက် ယနေ့ ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် ၃၉၈၃ သိန်းခန့်ဖြစ်ကြောင်း သတင်းရရှိသည်။
 

video-upload