ရသေ့တောင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ငွေကျပ် ၂၅၈ သန်းကျော်ဖြင့် ဆောင်ရွက်ပြီးစီး

ရသေ့တောင် အောက်တိုဘာ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရသေ့တောင်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၅၈ ဒသမ ၃၈၄ သန်းဖြင့် ကျောက်လမ်း(၁/၂)မိုင်၊ ပေ ၂၀ ဘေလီတံတားတစ်စင်းနှင့် မြေသားရေကန်တစ်ကန် တူးဖော်ခြင်းလုပ်ငန်းများကို သတ်မှတ် ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက်လမ်းဖြစ်သည့် ပန်းဖော်ပြင်ကျေးရွာမှ အငူမော်-ဘူးသီးတောင်လမ်းမအထိ (၁/၂)မိုင် ကျောက်ခင်းခြင်း၊ ယင်းလမ်းပေါ်တွင် ပေ ၂၀ ဘေလီတံတားတစ်စင်း တည်ဆောက်ခြင်းနှင့် အဝတာကျေးရွာတွင် (၁၀၀ X ၁၀၀ X ၆)ပေ မြေသားရေကန်တစ်ကန် တူးဖော်ခြင်းလုပ်ငန်းတို့ကို သတ်မှတ်ကာလအတွင်း လုပ်ငန်း များအားလုံး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

ယင်းကျေးရွာချင်းဆက်လမ်းနှင့် တံတားတည်ဆောက်ပေးခြင်းကြောင့် နယ်စပ်ဒေသရှိ ကျေးလက်နေပြည်သူများ စစ်တွေမြို့နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များသို့ ရာသီမရွေး သွားလာနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးလေး(ပြန်/ဆက်)